ပုသိမ်မှာ ဒီချုပ်အမတ် ၃ ဦး အပါအဝင် ၁၁ ဦးကို ထောင်ဒဏ် အနှစ် ၂၀ ကျော် နှစ်ရှည်ထပ်တိုးချ

ဧရာဝတီတိုင်း၊ ပုသိမ်ထောင်မှာဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်၃ဦးနဲ့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၁ဦးအပါအဝင် စစ်အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြသူ ၁၁ ဦးကို စစ်ကောင်စီက ထောင်တွင်းတရားရုံးမှာ ထောင်အနှစ် ၂၀ စီထပ်တိုးချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

အခုလို ထပ်တိုးနှစ်ရှည်ထောင်ဒဏ်ချခံရသူတွေဟာ သာပေါင်းမြို့နယ် ကပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦး ၊ ပုသိမ်မြို့ နယ် ကဦးသန်းထွဋ်၊ ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးကျော်လှမိုး တို့ဖြစ်ပါတယ်။

ဒါ့အပြင်ပုသိမ်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးဝင်းနိုင်၊ ဦးစိုးမြင့်မောင်၊ ကိုချစ်သွေးနီ၊ ကိုဝင်းအောင်သူ၊ကိုကျော်သန်းဦး၊ကိုအောင်မော်ထွန်း၊ ကိုထက်လင်းစိုး(ကဗျာဆရာ လူဖန်ခါး) တို့လည်း ပါဝင်တယ် လို့ ဆက်သိရပါတယ်။

သူတို့အားလုံးဟာဆိုရင် ၂၀၀၂ ခုနှစ် မေလထဲမှာ ပုဒ်မ ၅၀၅ နဲ့ထောင်ဒဏ်ချမှတ်ထားပြီးဖြစ်သလိုပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်မှာတော့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ၁၄၄ တို့ နဲ့ ထောင်ဒဏ်နှစ် ၂၀ ထပ်တိုးချမှတ်ခဲ့တာ လို့ ရှေ့နေ အသိုင်းအဝိုင်း က သိရပါတယ်။

“သူတို့ အားလုံးကို စစ်ကောင်စီ ရဲ့ ထောင်တွင်း တရားရုံးက ထောင်ဒဏ်တွေ ချပြီးသားတွေပါ နောက် ပုဒ်မတွေ ထပ်တိုးပြီး ထောင်နှစ်ရှည် ချချင်လို့ ချလိုက်ကြတာပဲ စစ်တပ်အာဏာ သိမ်းပြီးကတည်း က ဥပဒေ စာအုပ်ကြီး က အမှိုက်ခြင်းထဲ စက္ကူစုတ် သာသာဖြစ်သွားတယ်” လို့ဥပဒေပညာရှင်တဦးကလည်းသုံးသပ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၃ ဦး နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူ ၆ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့ ကပုသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာအုပ်စု ခြံတစ်ခြံ မှာ အစည်းအဝေးလုပ်နေတုန်း စစ်ကောင်စီက အင်အားသုံးပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတသင်းအရင်းအမြစ်တွေဆီကသိရပါတယ်။

ဒါ့အပြင်ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ဦးကျော်လှမိုး နဲ့ နိုင်ငံရေး တက်ကြွ လှုပ် ရှား သူ ကိုထက်လင်းစိုး(ကဗျာဆရာ လူဖန်ခါး) တို့ကိုတော့ ပုသိမ်မြို့ က စစ်အာဏာသိမ်းမှု ဆန့်ကျင် တဲ့ ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် မတ်လ ပထမပတ်အတွင်းက ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် က သူ့တို့ရဲ့နေအိမ် အနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အရပ်သား ဟန်ဆောင်ပြီး ဖမ်းဆီးခဲ့ တာ လို့ ဆက်သိရပါတယ်။

“ နိုင်ငံတော် အာဏာ ပြည်သူ့ အာဏာ ကို လက်နက်နဲ့ အကြမ်းဖက် အာဏာသိမ်း တာကို လက်မခံ နိုင် လို့ ဆန့်ကျင် ကြတဲ့သူတွေကို အကြမ်းဖက် အာဏာသိမ်း စစ်တပ်က နိုင်ငံတော် ပုန်ကန်မှု နဲ့ ဖမ်းပြီး ထောင် နှစ်ရှည်ချတယ်။ သူခိုး ကလူဟစ် ဆိုတာမျိုးပါပဲ” လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကလည်းသုံးသပ်ပါတယ်။

လက်ရှိပုသိမ်ထောင်တွင်းမှာတော့ ပုသိမ်ခရိုင် ၇ မြို့နယ် အတွင်းက နိုင်ငံရေး ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး စုစုပေါင်း ၄၀၀ ကျော်ရှိနေတဲ့ အနက် အမျိုးသမီး ၁၈ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၈၀ ကျော်ကို ထောင်ဒဏ် အသီးသီးချမှတ်ပြီး ဖြစ်တယ်လို့လည်း တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။