ရှောင်တာနဲလ် ကြုံတွေ့ ဖြတ်သန်းခဲ့တဲ့ ငရဲဘုံက ရက်ပေါင်း ၆၅၀ 

(ရှောင်တာနဲလ်နှင့် အင်တာဗျူးမှ ကောက်နုတ်ချက်များကို  အမန်ဒါဟော့ဂျ်က ပြန်လည် စီစဉ် ရေးသားပြီး The Australianတွင် ဖော်ပြထားသည့် How I survived 650 days of living hell ဆောင်းပါးကို DNA က ဘာသာပြန်ဆိုသည်)

 ညစ်ပတ်စုတ်ပြတ်လွန်းပြီး ပြတင်းပေါက်တောင် တပ်မထားတဲ့ အကျဉ်းခန်းတွေထဲမှာ ၂၁ လလောက် ကြာအောင် နေထိုင် ဖြတ်သန်းခဲ့ရချိန်မှာ ရှောင်တာနဲလ်ဟာ နှိပ်စက် ညှင်းပန်း ခံနေရတဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အော်ဟစ် ညည်းညူသံတွေကို နားရည်ဝသလို ဖြစ်လာပါတယ်။ တစ်ခါတလေမှာတော့ ခြေထောက်မှာ သံကြိုး တုပ်နှောင်ခံထားရတဲ့ သူကိုယ်တိုင်ဟာ စစ်ဆေးမေးမြန်း ခံရမယ်ဆိုပြီး အိပ်ရာပေါ်ကနေ ဆွဲခေါ်သွားတာမျိုး  ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအခါ တာနဲလ်ဟာ သူ့ရဲ့ လွတ်မြောက်ခွင့်ရမယ့် အချိန်ကို စိတ်ကူးရင်း အိပ်မက်နေမိပါတော့တယ်။

 “ဒါပေမဲ့ အိပ်မက်ထဲမှာတောင် ကျွန်တော်က ထောင်ထဲကိုပဲ ပြန်ရောက်သွားနေကျပါ။ ဟာ (တာနဲလ်ရဲ့ ဇနီး)ကို ကျွန်တော်က ညနေ ၆ နာရီကျရင် ပြန်သွားရမယ့်အကြောင်း လှမ်းပြောနေတာမျိုး အိပ်မက်တွေပေါ့”လို့ ဆစ်ဒနီမြို့က စီးပွားရေး ပညာရှင် တာနဲလ်က ဆိုပါတယ်။ သူဟာ The Australian သတင်းစာနဲ့ အင်တာဗျူးကို သူ့ရဲ့ နေအိမ် ဧည့်ခန်းထဲမှာ ပြုလုပ်ရင်း ဒီစကားတွေကို ပြောပြနေခဲ့တာပါ။ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးထားမှုကနေ တာနဲလ် လွတ်မြောက်အောင် ဩစတြေးလျ အစိုးရက အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့ပြီး ၃ ရက် အကြာမှာ သူက The Australianနဲ့ အင်တာဗျူးနေခဲ့တာ ဖြစ်ပါတယ်။

 တာနဲလ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဖယ်ရှားတာ ခံခဲ့ရတဲ့ နိုင်ငံတော် အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး မူဝါဒဆိုင်ရာ အကြံပေး အရာရှိအဖြစ် ကာလရှည်ကြာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ တာနဲလ်က မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရချိန် အတောအတွင်း သူ့ဘဝအတွက် မှောင်ရိပ်အလွှမ်းဆုံး အခိုက်အတန့် တချို့နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က လေယာဉ်စီးပြီး ဩစတြေးလျကို ပြန်လာတဲ့ အချိန်မှာတောင် ဒါဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ဒုက္ခနွံနစ်နေတဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ နောက်ထပ် အိပ်မက်တစ်ခု ဖြစ်နေမလားလို့ မယုံသင်္ကာ စိုးထိတ်ရင်း တွေးကြောက်နေခဲ့မိသေးတယ်လို့ တာနဲလ်က ဖွင့်ဟခဲ့ပါတယ်။

 “ရုတ်တရက် ကျွန်တော် အိပ်မက်က လန့်နိုးပြီး စုတ်ပြတ်ပေရေနေတဲ့ အခန်းကျဉ်းလေးထဲကို ရှိနေတာမျိုး ထပ်ကြုံရလေမလားလို့ အတွေးဝင်မိတဲ့အခါ ကျွန်တော် အရမ်းကြောက်သွားပါတယ်”လို့ တာနဲလ်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားနေ့မှာ အကျဉ်းသား ၆၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အခါ ရက်ပေါင်း ၆၅၀ လောက် အကျဉ်းကျခဲ့တဲ့ တာနဲလ်လည်း လွတ်မြောက်လာခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲမှာ နာမည်ကျော် အင်းစိန်ထောင်ကြီးက အကျဉ်းသား တော်တော်များများ ပါလာတာကို တွေ့ရပါတယ်။

 အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကတော့ တာနဲလ် အပါအဝင် နိုင်ငံခြားသား ၄ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ် ဆိုတာက လူသားချင်း စာနာမှုတွေနဲ့ မေတ္တာတရားကို လက်ကိုင်ပြုတဲ့ ပြယုဂ်တစ်ခု ဖြစ်သလို ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းမွန်မှုကို ထိန်းသိမ်းလိုတဲ့ သဘောထားကြောင့် ဖြစ်ပါတယ်လို့ အသံကောင်း ဟစ်ပါတယ်။ တာနဲလ်နဲ့အတူ နောက်ထပ် လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေကတော့ ဗြိတိန် သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်၊ ဂျပန် ရုပ်ရှင် ပညာရှင် တိုရူ ကူဘိုတာနဲ့ အမေရိကန် နိုင်ငံသား ရုက္ခဗေဒ ပညာရှင် ကိုကျော်ဌေးဦးတို့ ဖြစ်ကြပါတယ်။ 

ထောင်ကလွတ်ချိန်မှာ ကိုယ်အလေးချိန် အတော်လျော့သွားပြီး သပ်သပ်ရပ်ရပ် မရှိတော့တဲ့ ပုံစံမျိုးနဲ့ တာနဲလ်တစ်ယောက် ဘန်ကောက်ကနေတဆင့် ဩစတြေးလျထိ လေယာဉ်စီးလာခဲ့ပြီး ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အယ်ဘန်နီစ် ကိုယ်တိုင်က တာနဲလ်နဲ့ တွေ့ဆုံချိန်မှာ စိတ်လှုပ်ရှားနေဟန်ရှိပါတယ်။ သူက စီးပွားရေး ပညာရှင် တာနဲလ်ကို ထူးခြားတဲ့ ရှာမှရှား ပုဂ္ဂိုလ်တစ်ယောက်လို့လည်း အမွှန်းတင်ခဲ့ပါသေးတယ်။

 အယ်ဘန်နီစ်က သူ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပန်နီဝေါင်ဟာ တာနဲလ် လွတ်မြောက်ရေးအတွက် အဓိက အကျဆုံး အားထုတ်ဆောင်ရွက်ခဲ့သူလို့ အသိအမှတ်ပြုခဲ့ပါတယ်။ ဝေါင်က တာနဲလ်ကို အချုပ်အနှောင်က လွှတ်ပေးဖို့အတွက် အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ အယ်ဘန်နီစ် ကိုယ်တိုင်ကလည်း ကမ္ဘောဒီးယားမှာ အာဆီယံ ထိပ်သီး ညီလာခံ သွားတက်ရင်း တာနဲလ် လွတ်မြောက်ရေးအတွက် ကူညီပေးဖို့ မေတ္တာရပ်ခံခဲ့ကြောင်း၊ အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုတွေကိုလည်း ကျေးဇူးတင်ရမှာဖြစ်ကြောင်း ပြောသွားပါသေးတယ်။ 

အကျဉ်းထောင်ကနေ လွတ်မြောက်လာအောင် အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့ ဩစတြေးလျ အစိုးရ၊ ဩစတြေးလျ သံရုံးနဲ့ နယူးဆောက်သ်ဝေးလ် ပြည်နယ်အမတ် ဂျနဲလ် ဆက်ဖင်တို့ကို တာနဲလ်နဲ့ ဇနီးဖြစ်သူ ဟာဗူတို့ ဇနီးမောင်နှံက အသိအမှတ်ပြု ချီးကျူးစကား ဆိုခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ဩစတြေးလျမှာ အယ်ဘန်နီစ် ဝန်ကြီးချုပ် ဖြစ်လာကတည်းက တာနဲလ်ရဲ့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှု ရေချိန်က တရိပ်ရိပ် မြင့်တက်လာခဲ့တာ အမှန်ပါပဲ။

 “မာရက်စီပိန်း (နိုင်ငံခြားရေး ဝန်ကြီးဟောင်း)ကလည်း လူတော်ပါ။ ဒါပေမဲ့ အစိုးရ အပြောင်းအလဲ ဖြစ်သွားတဲ့ နောက်ပိုင်းမှာတော့ ဒီကိစ္စအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်မှုတွေ သိသိသာသာ အရှိန်ပိုကောင်းလာသလို ခံစားမိပါတယ်။ တမ်ပို အပြောင်းအလဲက အရမ်းသိသာတယ်။ ဩစတြေးလျရဲ့ လိုလား တောင်းဆိုချက်တွေက (စစ်အစိုးရဆီ) ပိုပြီး ရောက်ရှိလာတယ်”လို့ တာနဲလ်က သုံးသပ်ခဲ့ပါတယ်။

 စစ်တပ်က အာဏာသိမ်းလိုက်ပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွင်းမှုတွေ စတင်လာကတည်းက မြန်မာနိုင်ငံဟာ နေရာအနှံ့ သွေးမြေကျ ဖြစ်ရပ်ဆိုးတွေ ကြုံပြီး အပိုင်းပိုင်းကွဲသလို ကြုံတွေ့နေရပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၂၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သလို အပြင်းအထန် ခုခံ ဆန့်ကျင်နေတဲ့ တော်လှန်ရေး အင်အားစုတွေကိုလည်း နောက်နှစ်မှာ ကျင်းပဖို့ အားခဲထားတဲ့ အတုအယောင် ရွေးကောက်ပွဲကြီး မတိုင်ခင်မှာ ချိုးနှိမ်ပစ်ဖို့ စစ်အာဏာရှင်တွေက ပိုမို အားထုတ်လာတာကြောင့် အခြေအနေတွေက ဆိုးသထက် ဆိုးလာပါတယ်။ လောလောလတ်လတ် အကျဉ်းသားတွေ အများကြီး ပြန်လွှတ်ပေးလိုက်တယ် ဆိုတာတောင်မှ အဖမ်းခံထားရသူ ၁၃၀၀၀ နီးပါးလောက် ဆက်ရှိနေဆဲပါ။

 မြန်မာနိုင်ငံဆိုင်ရာ ဘဏ္ဍာရေး ပညာရပ်ပိုင်းနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး ပညာရှင် တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ တာနဲလ်လို လူမျိုးဟာ အရပ်သား ဒီမိုကရေစီ အစိုးရဆီက အာဏာသိမ်း ခံလိုက်ရတဲ့နောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ တခြား မြန်မာ့ နိုင်ငံရေး အကျဉ်းသား ၁၆၀၀၀ လောက်နဲ့ ယှဉ်လိုက်ရင် ထောင်ထဲမှာ နည်းနည်းတော့ ပိုပြီး သက်သာရာ ရလိမ့်မယ်လို့ ထင်မှတ်ကြမယ်ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တုန်းက ရန်ကုန်က သူ့ရဲ့ ဟိုတယ် အခန်းထဲကို မျက်နှာဖုံး အမည်းတွေ စွပ်ထားတဲ့ စက်သေနတ်ကိုင် စစ်သား ၅၀ လောက်က လာရောက် ဖမ်းဆီးခဲ့ချိန် ကတည်းက တာနဲလ်ဟာ လက်တွေ့ဘဝက အိပ်မက်ဆိုးကြီးကို ကာလရှည်ကြာ မြင်မက်နေခဲ့ရတော့တာပါပဲ။

 သူက ကိုဗစ်ရောဂါ ၅ ကြိမ်တောင် ကူးစက် ခံခဲ့ရတယ်။ အခန်းကျဉ်းကျည်းလေးမှာ တစ်ကိုယ်တည်း ပိတ်လှောင် ခံခဲ့ရတယ်။ ပြင်ပနဲ့ လုံးဝ အဆက်အသွယ်ဖြတ် ခံခဲ့ရသလို သူ့ကို စာဖတ်ခွင့်တောင် မပေးခဲ့ဘူး။ အခန်းထဲမှာ အိပ်စက်ဖို့ ကုတင်လေး တစ်လုံးပဲရှိတယ်။

 သူအဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ ၆ မီတာ x ၂ မီတာ အတိုင်းအတာနဲ့ အခန်းငယ်လေးထဲမှာ ဖမ်းချုပ်ထားခဲ့တယ်။ ပြတင်းပေါက် မရှိဘူး၊ အိမ်သာ မရှိဘူး။ အခန်းရဲ့ ကွန်ကရစ် ကြမ်းပြင်နဲ့ အခိုင်အမာ ဆက်ထားတဲ့ သံကုလားထိုင် တစ်လုံးတော့ ရှိတယ်။ 

ထောက်လှမ်းရေးဆိုင်ရာ အထူးဌာနခွဲကဆိုတဲ့ အရာရှိတွေက ကြမ်းတမ်းခက်ထန်တဲ့ နည်းမျိုးစုံနဲ့ ထပ်ခါထပ်ခါ အဖန်တလဲလဲ စစ်ဆေး မေးမြန်းတာတွေကို တာနဲလ်တစ်ယောက် ၂ လာလောက်ကြာအောင် ရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်။ သူတို့က တာနဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအတွက် အလုပ်မလုပ်ပေးခင်တုန်းက ဗြိတိန် MI6 ထောက်လှမ်းရေးဌာနရဲ့ သူလျှိုတစ်ယောက် ဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ကြသေးတယ်။

 အခန်းကျဉ်းလေးထဲမှာ ရှိနေတဲ့ အချိန်တွေမှာ အနီးအနားက အခန်းတွေမှာ ချုပ်နှောင် ခံထားရတဲ့ ဘဝတူ အကျဉ်းသားတွေဆီက ညည်းတွားသံတွေကို တာနဲလ် ကြားခဲ့တယ်။ ရန်ကုန်က ကိုလိုနီခေတ်လက်ရာ အင်းစိန်ထောင်ကြီးထဲမှာ သူတို့ကို ညှင်းပန်းနှိပ်စက်ထားခဲ့တာပါ။ “(အာဏာသိမ်းပြီးစ) အစောပိုင်း ကာလတွေမှာ ညပိုင်းကျရင် ပြည်သူတွေက ဒန်အိုးတွေ၊ ဒန်ခွက်တွေကို ထုရိုက်နေကြတဲ့ ဆူဆူညံညံ အသံတွေကို ကြားနေခဲ့ရဖူးတယ်။ အတော်လေး သဘောကျဖို့ကောင်းတယ်”လို့ တာနဲလ်က ပြောပြတယ်။

 “နောက်ရက်တွေမှာတော့ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေကို ကြားလာရတယ်။ ဘေးအခန်းက အကျဉ်းသားတွေကို ညှင်းပန်း နှိပ်စက်တဲ့ အသံမျိုးတွေလည်း ကြားလာရပြန်တယ်။ သူတို့ ကျွန်တော့်ကိုတော့ ဒါမျိုး မလုပ်လောက်ပါဘူးလေလို့ ဖြေတွေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ လုပ်ရင်လည်း လုပ်မှာပေါ့ဆိုတဲ့ အတွေးက ခြောက်လှန့်လာပြန်ရော။ နောက်ပြီး သူတို့က ကျွန်တော့်ကို အဲဒီအသံတွေ မကြားကြားအောင် တမင် ရည်ရွယ်ပြီး လုပ်ခဲ့တာလို့ ထင်တယ်”လို့လည်း တာနဲလ်က ဆက်ပြောတယ်။ သူက ကြုံတွေ့ခဲ့တဲ့ စစ်ဆေးမေးမြန်းမှု နည်းလမ်းတွေနဲ့ ပတ်သက်လို့ ပြန်ဆင်ခြင် သုံးသပ်ကြည့်တယ်။ သူဟာ ညှင်းပန်း နှိပ်စက်ခံနေရတဲ့ အဆင့်တော့ မဟုတ်ဘူးလို့ တာနဲလ်က ယူဆတယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွား ပုံစံမျိုးတွေနဲ့ ဆက်ဆံခံခဲ့ရတာ အမှန်ပဲလို့တော့ သူက တထစ်ချ ပြောပါတယ်။

 “ကျွန်တော့်ကို ဘယ်လို စစ်ဆေးမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ သူတို့ သေချာ တွေးတော ပြင်ဆင်ထားပုံရတယ်”လို့ တာနဲလ်က The Australianကို ပြောပါတယ်။ “ကျွန်တော့်ကို ကျင်စက် (ဓာတ်လိုက်စေတဲ့စက်)နဲ့ တို့တာမျိုးတော့ မလုပ်ခဲ့ဘူးပေါ့။ (သူသိကျွမ်းခဲ့တဲ့ အကျဉ်းသား တချို့ကတော့ အဲဒီလို ကိရိယာမျိုးနဲ့ နှိပ်စက်တာ ခံခဲ့ရပါတယ်) ဒါပေမဲ့ ကျွန်တော့်ကို နုံချာစုတ်ပဲ့လွန်းတဲ့ အကျဉ်းတိုက် အခန်းလေးထဲ ထည့်ထားတယ်။ အစားအသောက်တွေကိုလည်း ရေပုံးထဲမှာ ထည့်ပြီး ကျွေးတာနော်။ ရက်ပေါင်း ၆၅၀ လုံးလုံး ကျွန်တော်က ရေပုံးထဲက အစားအစာတွေကိုပဲ စားခဲ့ရတာပါ။ နေပြည်တော်မှာကျတော့ ပုံးက အသစ်တောင် မဟုတ်တော့ဘဲ အဟောင်းကို ဆေးပြန်သုတ်ထားတာ ဖြစ်နေတယ်။ ကျွန်တော့်ကို မရိုက်ပေမယ့် အတင်းတွန်းထိုးတာမျိုးတော့ ရှိတယ်”လို့လည်း တာနဲလ်က ဆိုပါတယ်။ အစောပိုင်းမှာ သူဟာ ပြတင်းပေါက်တောင် တပ်မထားတဲ့ အခန်းကျဉ်းလေး တစ်ခုမှာ ဘာစွဲချက်မှ အတင်မခံရသေးဘဲ ၂ လလုံးလုံး ချုပ်နှောင်ထားတာ ခံခဲ့ရတယ်။ သူ့ကို တခြားအကျဉ်းသားတွေ၊ သံရုံးဝန်ထမ်းတွေနဲ့ ဆက်သွယ်ခွင့် မပေးသလို စာဖတ်ခွင့်လည်း မပေးခဲ့ဘူး။

 သူ့ရဲ့ အခန်းက မျက်နှာချင်းဆိုင် နံရံနှစ်ခုကြား လမ်းလျှောက်ရင် ခြေလှမ်း ၈ လှမ်းစာ အကွာအဝေးပဲ ရှိတယ်။ အဲဒီအချိန်တွေမှာ တာနဲလ်တစ်ယောက် ရောက်တတ်ရာရာတွေ အများကြီး လျှောက်ပြီး စိတ်ကူးနေခဲ့မိတယ်။ အမေရိကန်က ပြည်နယ် ၅၀ ရဲ့ နာမည်တွေရယ်၊ အမေရိကန် သမ္မတတွေရဲ့ နာမည်တွေရယ်ကို စိတ်ကူးထဲမှာ အစဉ်လိုက် ရွတ်ချင် ရွတ်နေတယ်။ အဲဒီတုန်းက သူ့ကို သံရုံး​ဝန်ထမ်းတွေ အပါအဝင် ဘယ်သူမှ လာရောက် တွေ့ဆုံခွင့် မရခဲ့သေးပါဘူး။

 ဒါပေမဲ့ သူ့အတွက် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု အဆိုးဆုံး အချိန်တွေအဖြစ် အင်းစိန်ထောင်နားက တရားရုံး တစ်ခုကို အပတ်စဉ် ရမန်သွားယူရတဲ့ အတွေ့အကြုံကို တာနဲလ်က ရွေးထုတ်ပြခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ တခြား နိုင်ငံရေး အကျဉ်းသား ၅၀ လောက်နဲ့ အတူတူ သံကြိုးမှာ တွဲချည်ပြီး တရားရုံးကို သွားရတယ်။

 “ကျွန်တော်တို့ကို ဗင်ကားတစ်စီးရဲ့ နောက်ခန်းထဲကို အတင်းတွန်းထိုးပြီး ပြွတ်သိပ်ထည့်တာဗျ။ အဲဒီထဲမှာ လူ ၂၀ လောက် ရှိလိမ့်မယ် ထင်တယ်။ ကားနောက်ခန်းထဲမှာ လူတွေက တိုးဝှေ့ ကျပ်ညပ်နေတယ်။ ပူတာလည်း အလွန်အကျွံပဲ။ မျက်နှာမှာဆို ချွေးတွေချည်းပဲ။

 သူကြုံခဲ့သမျှ အဆိုးရွားဆုံး ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံခံရမှုတွေကိုတော့ အင်းစိန်ထောင်ကနေ အနားမှာရှိတဲ့ တရားရုံး တစ်ခုစီ အပတ်စဉ် သွားရောက်ပြီး ရမန်ယူရတဲ့ အချိန်တွေမှာ ကြုံခဲ့ရကြောင်း တာနဲလ်က ဖွင့်ဟပါတယ်။ သူဟာ တခြား နိုင်ငံရေး အကျဉ်းသား ၅၀ လောက်နဲ့အတူ သံကြိုးခတ် ခံထားရပြီး တရားရုံးကို သွားရလေ့ရှိတယ်။ ချွေးထွက်လွန်ပြီး အားပြတ်တဲ့သူကပြတ်၊ အန်တဲ့သူကအန်နဲ့ ရှုပ်ထွေးနေတာပဲ။ ပြောရရင် လဲကျစရာ နေရာမရှိလောက်အောင် ကျပ်လွန်းနေလို့သာ ကားထဲကလူတွေ မလဲကုန်တာပါ”လို့ သူ့အတွေ့အကြုံကို တာနဲလ်က ပြောပြတယ်။ 

“၁၉၈၈ ခုနှစ် (အရေးအခင်းကာလ)တုန်းကလည်း အဲဒီလို ဖြစ်ရပ်မျိုး ကြုံဖူးတယ်တဲ့။ အကျဉ်းသားတွေကို ကားနောက်ခန်းထဲ ပြွတ်သိပ်ပြီး ပြုံထည့်ထားလိုက်တာ နောက်ပိုင်း တံခါးပြန်ဖွင့်လိုက်တဲ့ အချိန်ကျတော့ တစ်ဝက်လောက်က သေနေပြီတဲ့လေ”လို့ သူက ဆိုတယ်။ ဒါပေမဲ့ အဓိက အကြောင်းအရာ နှစ်ရပ်က သူ့ကို အသက်ဆက်ရှင်ချင်အောင် ထက်ထက်သန်သန် တွန်းအားပေးနေခဲ့ပါတယ်။ အဲဒါတွေကတော့ သူ့ရဲ့ ဇနီးဖြစ်သူ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ဟာဗူရယ်၊ အပတ်စဉ် ဟာဗူ လှမ်းပို့ပေးတဲ့ စာအုပ်တွေရယ်ပဲ ဖြစ်ပါတယ်။

 အဲဒီအရာတွေသာ မရှိခဲ့ရင် သူသေချင်လည်း သေသွားလောက်တယ်လို့ တာနဲလ်က ပြောပါတယ်။ “ကျွန်တော့်ဇနီးရယ်၊ စာအုပ်တွေရယ်သာ မရှိခဲ့ရင် အဲဒီ အချိန်မှာ ကျွန်တော် ဆက်ပြီး ရှင်သန်နေနိုင်မယ်ဆိုတာ မသေချာပါဘူး”လို့ သူက ဖွင့်ဟခဲ့ပါတယ်။

 နောက်ပိုင်းမှာ တာနဲလ်က ဇနီးဖြစ်သူနဲ့ ဖုန်းဆက် စကားပြောခွင့် ရလာတယ်။ သမုဒ္ဒရာခြားနေတဲ့ သူတို့လင်မယား နှစ်ယောက် ဖုန်းပြောရင်း ငိုခဲ့ရတဲ့ ကာလတွေလည်း ရှိခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ အမှုအတွက် ဆွေးနွေးမယ့် နည်းလမ်းတွေကို ညှိနှိုင်းခဲ့ကြတယ်။ တာနဲလ်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရပြီး အဲဒီ စွဲချက်အတွက် ပြစ်မှုထင်ရှားပါတယ်လို့ စီရင်ချက် မချမချင်း သူ့ကို လွှတ်မပေးလောက်ဘူးလို့ သူရော၊ ဟာဗူပါ သဘောတူ လက်ခံခဲ့ကြတယ်။ နောက်တော့ စက်တင်ဘာလမှာ သူ့ကို စီရင်ချက် ချခဲ့တယ်။

 နောက်ပိုင်းမှာတော့ တာနဲလ်ဟာ ဇနီးဖြစ်သူဆီက စာအုပ်တွေအပြင် ဟာဗူ ကိုယ်တိုင်ဖုတ်ပြီး အရက်စိမ် သစ်သီးတွေပါ ထည့်သွင်း ပြုလုပ်ထားတဲ့ ကွတ်ကီးမုန့်နဲ့ ကိတ်မုန့်တွေပါ အပတ်စဉ် လက်ခံ ရရှိလာတယ်။ စာအုပ်တွေရယ်၊ အစားအသောက်တွေရယ်ကို ဆစ်ဒနီကနေတဆင့် ကင်ဘာရာမြို့ကို ပေးပို့ပြီး နောက်တော့ ဩစတြေးလျ သံရုံးက စီစဉ်ပေးတဲ့ အိတ်ထဲမှာ ထည့်သွင်းပြီး အပတ်စဉ်လိုလို တာနဲလ်ဆီ ရောက်လာတယ်။

 တာနဲလ်က အဲဒီ အိတ်တွေကို သူ့ရဲ့ အကျဉ်းတိုက် အခန်းတံခါးနားမှာ တမင်တကာ စုပုံထားလိုက်တယ်။ အဓိပ္ပါယ်ကတော့ သူ့ကို စောင့်ရှောက်ဖေးမသူတွေ အမြဲတမ်း ရှိနေတယ် ဆိုတာကို အကျဉ်းထောင် ဝန်ထမ်းတွေက အချိန်တိုင်း သတိရနေစေဖို့ ဖြစ်ပါတယ်။

 တာနဲလ်က အကျဉ်းစံ ကာလတွေမှာ သူ့အတွက် အသက်သခင် ကျေးဇူးရှင်တွေလို့တောင် တင်စားရမယ့်သူ နှစ်ယောက်အကြောင်း ပြောပြတယ်။ သူ့ဆီကို အထုပ်တွေ ပုံမှန် ယူလာပေးသူက အမေရိကန် နိုင်ငံသား အသေးစား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေး ပညာရှင် ကားတစ် ဆလော့ဗာပါ။ သူ့မိတ်ဆွေနဲ့ ပတ်သက်ပြီး တာနဲလ်က “သိပ်ရဲရင့်ပြီး ထူးကဲလှတဲ့ ပုဂ္ဂိုလ်မျိုးပေါ့ဗျာ”လို့ ချီးကျူးစကား ဆိုပါတယ်။ ဆလော့ဗာက ဆစ်ဒနီမှာရှိတဲ့ ဟာဗူဆီကို နေ့တိုင်းလိုလို ဖုန်းဆက်ပြီး တာနဲလ်ရဲ့ အခြေအနေတွေကို သတင်းပို့ပေးလေ့ ရှိတယ်။ “သူကတော့ ငြင်းမှာပဲ။ ဒါပေမဲ့ ကျွန်တော် အတပ်ပြောနိုင်တယ်။ ကျွန်တော့်ကို ဆက်ပြီး ကူညီချင်တာ တစ်ခုတည်းကြောင့် မြန်မာနိုင်ငံမှာ သူဆက်ပြီး နေခဲ့တာပါ”လို့ တာနဲလ်က ပြောတယ်။ သူအကျဉ်းကျနေခဲ့တဲ့ ရက်ပေါင်း ၆၅၀ လောက်အတွင်း ဆလော့ဗာနဲ့ ဟာဗူတို့က သူ့အတွက် အထုပ်တွေ ပို့ပေးနိုင်ရေးကိုပဲ အချိန်နဲ့အမျှ တွေးတော ကြံဆနေခဲ့တယ်လို့ တာနဲလ်က ဆိုတယ်။ 

နောက်ထပ် တာနဲလ် ကျေးဇူးတင်နေတဲ့သူ တစ်ယောက်က အင်းစိန်ထောင်မှာ တွေ့ခဲ့တဲ့ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား ကိုခင်မောင်ရွှေ ဖြစ်ပါတယ်။ အကျဉ်းသား အများစုနဲ့ ရောရောနှောနှော နေထိုင်လာရတဲ့ ကာလတွေမှာ ကိုခင်မောင်ရွှေဟာ တာနဲလ်ကို အဆင်ပြေအောင် ဖေးမဖို့ ဆိုတာဟာ သူ့အတွက် မြင့်မြတ်လှတဲ့ သမိုင်းပေး တာဝန်တစ်ရပ်လိုကို ခံယူပြီး အရာရာ လိုက်ကူညီခဲ့တယ်။ 

“ကျွန်တော်တို့က အခန်းချင်း ကပ်လျက်ဗျ။ တကယ်ပါ၊ သူက ကျွန်တော့်အပေါ် ကျေးဇူးကြီးလွန်းပါတယ်”လို့ တာနဲလ်က ဆိုတယ်။ “သူက အစစ အရာရာ ဝတ္တရားကျေလွန်းတယ်ဗျ။ ကျွန်တော့်ကို ကူညီ ချက်ပြုတ်ပေးတယ်။ အဝတ်ကူလျှော်ပေးတယ်။ နှစ် ၃၀ လောက်အတွင်း တစ်ခါမှ မရှင်းဘဲ ဖုံအလိမ်းလိမ်း တက်နေတယ်လို့တောင် ထင်ရတဲ့ ကျွန်တော့် အခန်းကိုလည်း သန့်ရှင်းရေး ကူလုပ်ပေးတယ်။ သူက ကျွန်တော့်ကို ဓားလေးတစ်ချောင်းလည်း လုပ်ပေးတယ်။ ကျွန်တော် တော်တော် သဘောကျတယ်ဗျ”လို့ တာနဲလ်က သူ့ရဲ့ မိတ်ဆွေအကြောင်း ပြောပြတယ်။ နောက်တော့ တာနဲလ်ဟာ နိုင်ငံတော် လျှို့ဝှက်ချက် ချိုးဖောက်မှုဆိုင်ရာ အက်ဥပဒေတွေ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေတွေနဲ့ တရားစွဲဆို ခံရဖို့ နေပြည်တော်ကို ပြောင်းရွှေ့ခဲ့ရတယ်။ တာနဲလ် နေပြည်တော်ရောက်ပြီး တစ်လလောက် အကြာမှာ ကိုခင်မောင်ရွှေ အသတ်ခံရပြီး ကွယ်လွန်သွားပါတယ်။ စက်တင်ဘာလမှာတော့ တာနဲလ်က စွဲချက်တွေအတွက် ပြစ်မှုထင်ရှားတယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခံလိုက်ရတော့တယ်။ 

တာနဲလ်အတွက် ယုံဖို့ခက်တဲ့ ကိစ္စတစ်ခုက နေပြည်တော်မှာ သူ့ကို ချုပ်နှောင်ထားတဲ့ နေရာဟာ အင်းစိန်ထောင်ထက် အပုံကြီး ဆိုးနေတယ် ဆိုတာပါပဲ။ အချိန်ပြည့် အရက်မူးနေတဲ့ ထောင်မှူးတစ်ဦး အုပ်ချုပ်တဲ့ ထောင်ထဲမှာ ပိုးဟပ်တွေ၊ ခြင်တွေနဲ့ တင်းကြမ်း ပြည့်နှက်နေတယ်။ မိုးရွာပြီ ဆိုတာနဲ့ ခေါင်မိုးတွေကနေ မိုးယိုပြန်ပါရော။

“တစ်နေကုန် ဘာမှ လုပ်စရာ မရှိဘဲ ချွေးဒီးဒီးကျပြီး ထိုင်နေရတယ်။ နေ့တိုင်းနေ့တိုင်း နာရီ ၂၀ လောက်ကြာအောင် အကျဉ်းခန်းထဲမှာပဲ ပိတ်လှောင် ခံထားရတာလေ”လို့ တာနဲလ်က ဆိုတယ်။ “မိုးရာသီမှာတော့ ထောင်အမိုးတွေက မိုးယိုတော့တာပါပဲ။ 

မယုံနိုင်လောက်အောင်ပဲ နေပြည်တော်မှာ သူ့ကို ဖမ်းဆီးထားတဲ့ နေရာဟာ အင်းစိန်ထောင်ထက် ဆိုးရွားနေတာကို တာနဲလ် မျက်ဝါးထင်ထင် တွေ့ရှိခဲ့တယ်။ အရက်ဂျိုး ထောင်မှူးတစ်ယောက်က ကြီးကြပ်တဲ့ နေရာဟာ ပိုးဟပ်တွေ၊ ခြင်တွေနဲ့ ပြည့်နှက်နေတယ်။ မိုးရွာတဲ့ အချိန်တွေဆို ခေါင်မိုးတွေကနေ မိုးယိုတတ်ပါသေးတယ်။ မိုးယိုတာ အရမ်းများလာရင် ကိုယ့်အဝတ်အစားတွေနဲ့ စောင်တွေ မစိုအောင် ပွေ့ပိုက်ထားပြီး ညလုံးပေါက် ထိုင်နေရတတ်သေးတယ်”လို့ သူက ဆိုတယ်။ 

“စိတ်ထဲမှာ မခံမရပ်နိုင် ဖြစ်လာတဲ့အခါ ကျွန်တော် အော်ဟစ်ပစ်လိုက်တယ်။ ပါးစပ်ကနေလည်း ကိုယ်တိုင်တောင် မသိတဲ့ စကားတွေနဲ့ ဗလုံးဗထွေး ကျိန်ဆဲမိရော”လို့ တာနဲလ်က ပြောပြပါတယ်။ နေပြည်တော်မှာတော့ သူ့အတွက် စိတ်လက်အပေါ့ပါးဆုံး အချိန်တွေက တရားခွင် ကြားနာစစ်ဆေးမှု မစခင် နာရီဝက်လောက်မှာပါ။ အဲဒီအခါ တာနဲလ်က သူ့ရဲ့ ရှေ့နေတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား တရားစွဲဆို ခံထားရသူတွေနဲ့ ခဏတာ တွေ့ဆုံရတယ်။ အရမ်း ဖိစီးမှု ကြီးမားပြီး ခက်ခဲတဲ့ အခြေအနေတွေ ကြုံနေရတာတောင်မှ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ငြိမ် ခိုင်မာနေဆဲပဲလို့ တာနဲလ်က ပြောပြတယ်။ 

အာဏာသိမ်းမှုကြောင့် ဖယ်ရှားခံလိုက်ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် သူက အမြဲတမ်း သစ္စာရှိနေမယ်လို့ တာနဲလ်က ကတိပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က ဖိစီးနှိပ်ကွပ်မှုတွေနဲ့ ပတ်သက်ပြီး တင်းတင်းမာမာ မကန့်ကွက်ခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ခံရတာတွေ ရှိဦးတော့၊ သူဟာ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးကိုပဲ အစဉ်ရှေ့ရှုတတ်သူ တစ်ယောက်လို့ တာနဲလ်က ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူ့ဘဝမှာ အများကြီး ရင်းနှီး မြှုပ်နှံခဲ့ဖူးပေမယ့် နောက်တစ်ကြိမ်တော့ ပြန်မသွားတော့ပါဘူးလို့လည်း တာနဲလ်က အတည်ပြုသွားပါတယ်။