ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာတဲ့ စပိန်လူငယ်လေး ဂါဗီ 

စပိန် ကွင်းလယ် ကစားသမားလေး ဂါဗီဟာ ဘောလုံး ဂန္ထဝင် ကြယ်ပွင့်ကြီး ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာပါတယ်။ 

ကော်စတာရီကာကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ဂါဗီက အသင်းအတွက် ပဉ္စမဂိုးကို သွင်းယူပေးခဲ့တာပါ။ စပိန်ကလပ် ဘာစီလိုနာရဲ့ ငယ်မွေးခြံပေါက် ကစားသမားလေးဟာ အဲဒီဂိုးကို သွင်းယူချိန်မှာ အသက် ၁၈ နှစ်နဲ့ ၁၁၀ ရက်သာ ရှိပါသေးတယ်။ 

ဒါကြောင့် သူဟာ စပိန် လက်ရွေးစင် အသင်းအတွက် အဓိက ပြိုင်ပွဲကြီးတွေမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာပါတယ်။ ဒါ့အပြင် ၁၉၅၈ ခုနှစ်မှာ ဘရာဇီး အကျော်အမော် ပီလီက ဂိုးသွင်းခဲ့တဲ့နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပြန်ပါတယ်။ အဲဒီတုန်းက ပီလီဟာ အသက် ၁၇ နှစ်နဲ့ ၂၄၉ ရက် အရွယ်မှာ ကမ္ဘာ့ဖလား သွင်းဂိုး ရရှိခဲ့တာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ သမိုင်းကြောင်း တလျှောက်မှာ ဂါဗီက တတိယ အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ပြီး ၁၉၃၀ ပြိုင်ပွဲမှာ မက္ကဆီကိုရဲ့ မန်နျူရယ်လ် ရိုဆက်စ်က အသက် ၁၈ နှစ်၊ ၉၃ ရက်နဲ့ ဂိုးသွင်းခဲ့ဖူးပါသေးတယ်။ 

သူ့အနေနဲ့ လက်ရှိ အသက်အရွယ်မှာ ကမ္ဘာ့ဖလားလို အဆင့်အတန်းမျိုး ပြိုင်ပွဲကြီးအတွက် ကိုယ်စားပြု ကစားပေးခွင့် ရလိမ့်မယ်လို့ မျှော်လင့် မထားခဲ့ကြောင်း၊ သူ့အနေနဲ့ အရမ်း ပျော်ရွှင်နေမိပြီး ဒါဟာ ပထမအဆင့် ခြေလှမ်းလို့ ခံယူထားကြောင်း၊ သူ့အတွက် လက်ရှိထက် ပိုတိုးတက်ဖို့ လိုအပ်နေဆဲဖြစ်ကြောင်းလည်း ဂါဗီက ဆိုပါတယ်။ 

ကျောနံပါတ် ၉ ဝတ်ဆင် ကစားသွားတဲ့ ဂါဗီဟာ ဒီပွဲမှာ စပိန်ရဲ့ ကစားကွက်ကို အဓိက ဦးဆောင် ထိန်းကျောင်းမောင်းနှင် ပေးသွားခဲ့တာကြောင့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုကို ရတဲ့အတွက် ပျော်ပေမယ့် တကယ်တမ်းမှာတော့ တစ်သင်းလုံး ကောင်းခဲ့ပြီး အသင်းဖော်တွေအတွက်လည်း ပျော်ရွှင်မိကြောင်း၊ အခုအခါမှာတော့ နောက်ပွဲအတွက်ပဲ အာရုံစိုက်ပြီး ပြင်ဆင်တော့မှာဖြစ်ကြောင်း ဂါဗီက ဆက်ပြောသွားပါတယ်။