လောင်းလုံးမြို့မှာ ဘန်နာချိတ်ဆွဲ ဆန္ဒပြချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ နိုဝင်ဘာ (၁၉) ရက် ဒီကနေ့မနက်ပိုင်းမှာ သပိတ်အဖွဲ့ဝင်တွေက ဘန်နာချိတ်ဆွဲဆန္ဒပြနေချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။

“ကျွန်တော်တို့ ချိတ်ဆွဲတဲ့အခါမှာ အဲ့ဒီအနီးအနားမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ဒလန်တချို့ကနေပြီး ကျွန်တော်တို့ကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာမျိုးတွေရှိတယ်၊ အဲဒီကျွန်တော်တို့ ဘန်နာချိတ်ဆွဲတဲ့အချိန်မှာ သေနတ်နဲ့ပစ်ဖောက်တဲ့အတွက် ကျွန်တော်တို့ လူငယ်တွေထွက်ပြေးခဲ့ရတယ်” လို့ သူကပြောပါတယ်။

အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) အဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့ပေါ်က အခြေခံပညာကျောင်းတကျောင်းရှေ့မှာ ”မတရားမှုကို ဆန့်ကျင်မယ် ၊ အမှန်တရားအတွက် ခွပ်ဒေါင်းတွေ သေရဲတယ်” စာသားပါဘန်နာကို ချိတ်ဆွဲဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်နေချိန်မှာ သေနတ်ပစ်ဖောက်သံတွေ ထွက်ပေါ်လာလို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို သပိတ်ကော်မတီဝင်တွေကို ပျုစောထီးအဖွဲ့တွေက သေနတ်နဲ့ပစ်ခတ်ခဲ့ပေမယ့် အဖွဲ့ဝင်တွေဟာ ဘေးလွတ်ရာကို ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး မိနစ်ပိုင်းမှာတော့ လောင်းလုံးမြို့မရဲစခန်းက ရဲတချို့နဲ့ စစ်ကောင်စီတပ်သားတချို့က လမ်းတွေပါ်မှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။