ပြည်နယ်မြို့တော်ကြီး တစ်ခုဖြစ်တဲ့ ခါဆွန်ကို ယူကရိန်းတပ်တွေ ပြန်လည် သိမ်းပိုက်

ရုရှားတပ်တွေ ကာလရှည်ကြာ ထိန်းချုပ်ထားရာ မဟာဗျူဟာ မြို့ကြီး တစ်ခုဖြစ်တဲ့ ခါဆွန်ကို ယူကရိန်း တပ်တွေက ပြန်လည် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၀ ရက်မှာ ကတည်းက ရုရှား အစိုးရဟာ ခါဆွန် အခြေစိုက် တပ်တွေကို ဆုတ်ခွာစေမယ်လို့ အတည်ပြု ကြေညာခဲ့ပေမယ့် ယူကရိန်းဖက်ကတော့ ဒီကိစ္စကို သံသယကြီးကြီးနဲ့ ဆန်းစစ် စောင့်ကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၁၁ ရက်မှာ ယူကရိန်း တပ်တွေဟာ နိုင်ငံတောင်ပိုင်း၊ ခါဆွန်ပြည်နယ်ရဲ့ မြို့တော် ခါဆွန်ထဲ အနှောင့်အယှက် ကြီးကြီးမားမား မရှိဘဲ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပါတယ်။ 

ယူကရိန်း စစ်တပ်တွေ ရောက်မလာခင် ကတည်းက ပြည်သူတချို့ဟာ ရုရှားအလံတွေကို ဖြုတ်ချပြီး မြို့ထဲမှာ ယူကရိန်း အလံတွေ လိုက်လံ လွှင့်တင်ထားခဲ့ပါတယ်။ ယူကရိန်း တပ်တွေ ဝင်ရောက်လာချိန်မှာလည်း မြို့ခံတွေ စုဝေးပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ 

ခါဆွန်ဟာ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပြည်နယ်မြို့တော် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် စိတ်ဓာတ်ရေးရာ မဟာအောင်ပွဲမျိုး ဖန်တီးပေးတဲ့ ဆုလာဘ်တစ်ခု ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ယူကရိန်းတပ်တွေ တန်ပြန်ထိုးစစ် ဆင်လာချိန်မှာ ရုရှားက ခါဆွန်ကို လက်လွှတ် ဆုံးရှုံးလိုက်ရပါပြီ။ 

နိုဝင်ဘာ ၁၀ ရက်မှာ ခါဆွန်က တပ်တွေ ရုပ်သိမ်းမယ်လို့ ရုရှားအစိုးရက ကြေညာချိန်မှာ ပူတင်ကတော့ အသံတိတ်နေခဲ့ပါတယ်။ ရုရှား အစိုးရက ခါဆွန်မှာ ရှိနေတဲ့ စစ်သည် ၃၀၀၀၀ ဝန်းကျင်နဲ့ စစ်လက်နက်ပစ္စည်း ၅၀၀၀ လောက်ကို အောင်အောင်မြင်မြင် ရွှေ့ပြောင်းပြီးပြီလို့ ကြေညာပါတယ်။

 ဂြိုဟ်တု ဓာတ်ပုံတွေအရ ခါဆွန်နားမှာရှိတဲ့ ဒီနီပရိုမြစ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ အန်တိုနစ်ဗ်စကီ တံတားက တစ်ဝက်တစ်ဝက် ပြိုကျနေတာ တွေ့ရပေမယ့် အကြောင်းရင်း အတိအကျကိုတော့ မသိရသေးပါဘူး။ ခါဆွန် ဒေသခံတွေကတော့ ယူကရိန်းတပ်တွေ ဝင်လာချိန်မှာ ပျော်လွန်းလို့ သီချင်းတွေဆိုပြီး ကခုန်နေမိကြကြောင်း ပြောပါတယ်။

 ယူကရိန်းဟာ မကြာသေးခင် လပိုင်းတွေအတွင်း ခါဆွန်ပြည်နယ်ထဲက မြို့ငယ်ရွာငယ် ၄၁ ခုကို သိမ်းယူခဲ့ပြီး ပြည်နယ်မြို့တော် ခါဆွန်ထိ ချီတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ မြို့ခံတွေက မြို့ထဲမှာ ကျန်နေတဲ့ ရုရှားနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် သင်္ကေတတွေကို လိုက်လံ ဖြိုချ ဖျယ်ရှားနေပါတယ်။

 ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ခါဆွန် အပါအဝင် ယူကရိန်းက ပြည်နယ် ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ကြေညာခဲ့ပေမယ့် အခုတော့ တစ်ခုဟာ မူလပိုင်ရှင်လက်ထဲ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေကတော့ ခါဆွန်ကို လက်လွှတ်ရခြင်းဟာ ပူတင်အတွက် အကြီးအကျယ် ထိုးနှက်မှုတစ်ခု ဖြစ်လာပြီး ယူကရိန်း တပ်တွေကိုလည်း စိတ်ဓာတ်ရေးရာ အထောက်အပံ့ ဖြစ်စေမယ်လို့ မှတ်ချက် ပြုထားကြပါတယ်။