ထားဝယ်၊ သရက်ချောင်းမှာ စစ်ကောင်စီကားတွေ မိုင်းဆွဲခံရပြီး တောနင်းရှာဖွေတာတွေလုပ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ရငဲရွာနဲ့ ကတွဲကြားမှာဒီကနေ့ နိုဝင်ဘာ ၁၁ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်ကား ၃ စီးကိုဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲပြီး စစ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ တနင်္သာရီတိုင်းဒေသကြီးထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ကျားရိုင်းအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ မနက်က ၆ နာရီလောက်မှာ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ကြိုစောင့်ပြီး မိုင်းဆွဲတာ၊ သူတို့ လမ်းကြောင်း ယူဖို့လာတာလား၊ တပ်အကူပို့တာလားမသိဘူးပေါ့၊ စစ်ကားသုံးစီးနဲ့ ထွက်လာတာ၊ ကားပေါ်မှာတော့ စစ်သား ၂၀ ကျော်လောက်ပါတယ်။ နောက်ဆုံးကားတစ်စီးက ထိသွားတယ်၊ အဲကားပေါ်ပါတဲ့စစ်သားတွေက အောက်ကို ပြေးဆင်းပြီး ထိသွားတဲ့ လူ ၄ ယောက်ကို ကားပေါ်တင်လိုက်တာ လှမ်းတွေ့ရတယ်၊ ပျက်စီးသွားတဲ့ကားကိုတော့ အဲဒီမှာပဲ ပစ်ထားတယ်။ သေနတ်ရမ်းသမ်းပစ်ခတ်ပြီးတော့ သူတို့မောင်းပြေးသွားတယ်’’ လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကတာဝန်ရှိသူကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီလမ်းပိုင်းကို နောက်တကြိမ်ပြန်ရောက်လာပြီး စစ်အင်အားဖြည့်တင်းတာတွေလုပ်နေသလို တောနင်းရှာဖွေတာတွေလည်း လုပ်ဆောင်နေတယ်လို့အနီးအနားကဒေသခံတွေကပြောပါတယ်။

“ မနက်က အဲမှာ သေနတ်ပစ်သံတွေကြားလိုက်တယ်။ ဘာဖြစ်တာလဲတော့ အကိုတော့ မသိခဲ့ဘူး၊ ခြံထဲမှာ ရှိနေချိန်ဆိုတော့ မနက် ၁၀ နာရီလောက်မှာ စစ်သားတွေအများကြီး ရောက်ချလာတာ တွေ့တယ်၊။ ပျက်စီးနေတဲ့ ကားဘေးနားမှာ တွေ့တာ။ ခြံတွေဘက်ကို ဝင်သွားတယ်၊ အဲမှာလည်း နေသတ်ပစ်သံတွေ ထပ်ကြား ရတယ်။ဘယ်သူမှတော့ ထွက်မကြည့်ရဲဘူးလို့ ရငဲရွာခံတစ်ဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်လှည့်လှည်တာတွေဆက်ဖြစ်နေတာကြောင့် ဒေသခံတချို့ကတော့ ဘေးလွတ်ရာကိုရှောင်တိမ်းသွားကြတယ်လို့ ဆိုပါတယ်။

မြိတ်-ထားဝယ်အဝေးပြေးကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ၊ ခြေလျင်စစ်ကြောင်းတွေ မိုင်းဆွဲခံ ရတာ၊ ခြုံခိုတိုက်ခံရတာတွေ မကြာခဏဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်‌ကောင်စီယာဥ်တန်းတွေနဲ့ အနီးကပ်သွားလာခြင်းမပြုကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ထုတ်ပြန်နေတာလည်းတွေ့ရပါတယ်။