သရက်ချောင်းမှာ ကြံ့ဖွံ့ရုံး၊ အုပ်ကြီးအိမ်နဲ့ Mytel တာဝါတိုင် မီးရှို့ခံရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကြံ့ဖွံပ့ါတီရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်လည်း သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၁၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ သရက်ချောင်းမြို့ ပဲဒက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝေရဲ့ နေအိမ်နဲ့ ဆေးရုံရှေ့မှာရှိတဲ့ ကြံ့ဖွံ့ပါတီရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်လှရဲ့ နေအိမ်ကို သေနတ်နဲ့ ဆယ်ချက်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာတခုဖြစ်တဲ့ The Tanintharyi Times မှာလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဲဒက်ကျေးရွာအနီးမှာရှိတဲ့ ပေတခပ်ကျေးရွာက စစ်အုပ်စုပိုင် Mytel တာဝါတိုင်က မီးစက်နဲ့ ဆက်သွယ်ရေးစက်ပုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ပဲဒက်ကျေးရွာဟာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ နေရာဖြစ်ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရွာအတွင်း ဝင်ရောက်လာချိန်မှာတော့ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
Source- The Tanintharyi Times