မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျား လေလံ အစုရှယ်ယာ ၂၀၀ အထိ ဝယ်ယူသူရှိ

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျား အိမ်နဲ့ခြံလေလံပွဲမှာ အစုရှယ်ယာ၂၀၀ အထိ ဝယ်ယူသူရှိကြောင်း လေလံအစီအစဉ် ဆောင်ရွက်နေတဲ့ (The End of Dictatorship- EOD) က ထုတ်ပြန်ပါတယ်။
၁၄/အင်းလျား အစုရှယ်ယာကို PDF ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ဖြစ်တဲ့ မေ ၅ ရက်မှာ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အရောင်းစတင်တဲ့ရက်မှာ အစုရှယ်ယာ၂၀၀၊၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေ ရှိခဲ့ပါတယ်။
အစုရှယ်ယာ ၂၀၀ ဝယ်ယူခဲ့သူက ‘ဒီအိမ်ရဲ့ ရှယ်ယာတွေ ဝယ်တာကတော့ မင်းအောင်လှိုင်ကို တိုက်ရိုက်ထိလို့ပါ။ အခုလည်း ရှယ်ယာအများကြီး ဝယ်ထားတယ်။ နောက်ရက်တွေမှာလည်း ထပ်ဝယ်ဖို့ အစီအစဉ် ရှိပါတယ်’ လို့ ပြောကြောင်း EOD က ဖော်ပြပါတယ်။
ပထမ အရောင်းဖွင့်တဲ့နေ့မှာ ရှယ်ယာ အစောင် ၁၅၀ နဲ့ ၁၀၀ ဝယ်ယူခဲ့သူတွေကို မေးကြည့်တော့ အဓိက က အာဏာရှင် စနစ်ကို မကြိုက်တာ၊ တော်လှန်ရေးကာလကို မကြာရှည်စေချင်တာရယ်နဲ့ ဒီကိစ္စက (၁၄/အင်းလျားဝယ်ယူမှု) ရင်းနှီးမြှုပ်နှံမှု တစ်ခုလို ဖြစ်နေတာရယ်ကြောင့်လို့ ဆိုကြပါတယ်။
အစောင်ရေ မများလှပေမဲ့ ပြည်တွင်းကနေ လှမ်းဝယ်တဲ့ အငြိမ်းစား ဝန်ထမ်းတဦးက ‘အစ်မ လှူဖို့စုထားတာလေးနဲ့ ဝယ်တာ၊ ၁၄ /အင်းလျားကို ပြန်ရောင်းတဲ့တစ်နေ့ စစ်ကိုင်းက မီးရှို့ခံရတဲ့ ရွာတွေ ပြန်လည်ထူထောင်ဖို့ အကုန်လှူမယ်’ လို့ ပြောပါတယ်။
၁၄/အင်းလျားအိမ်နဲ့ခြံ ရောင်းချမှု ၅ ရက်မြောက်မှာ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ဝယ်ယူပြီးပြီလို့ သိရပါတယ်။