ဂန့်ဂေါနဲ့ ကလေးနယ်စပ်ကျေးရွာတွေမှာ စပါးအထွက်နှုန်းကျလို့ စစ်ရှောင်တွေအတွက် ရိက္ခာမလောက်မှာ စိတ်ပူနေရ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ကလေးမြို့နယ်တောင်ပိုင်းဒေသတလျှောက် ကျေးရွာတွေမှာ စပါးအထွက်နှုန်း ပုံမှန်ထက် ထက်ဝက်လောက် ကျဆင်းလာလို့ လာမယ့်နှစ်ရိက္ခာအတွက် စိတ်ပူနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“တခြားလယ်တွေထားပါ၊ကျွန်မတို့ ကလေးမြို့တောင်ပိုင်းမှာ စပါးတော်တော်ထွက်တဲ့ထဲပါပါတယ်၊ စပါး နှစ်ရာ ကျော် ထွက်တဲ့လယ်တောင် ကိုးဆယ်မပြည့်ဘူးဆို့တော့ စဥ်းစားကြည့်ပေါ့” လို့ ကလေးမြို့နယ် ရှားဖိုရွာက တောင်သူ တဦးက ပြောပါတယ်။

အဲ့ဒီလိုစပါးအထွက်နှုန်းကျသွားတာဟာ စစ်ကောင်စီက ရွာတွေစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးလို့ လယ်မြေတွေမှာ ပုံမှန်စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိတဲ့ကြောင့်လည်းပါဝင်သလို ကလေးမြို့တောင်ပိုင်းရွာနှစ်ရွာဖြစ်တဲ့ တင်သားနဲ့ ရှားဖိုရွာတွေကတော့ လယ်ရေ ပိတ်ဆို့ဖြတ်တောက်ခံထားရတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

စပါးစိုက်လယ်တွေထဲ ရေသွင်းချိန်မှာ ရှားဖို၊တင်သားရွာဘက်စီးဝင်မယ့် ရေမြောင်းကို စစ်ကောင်စီက တပ်စွဲ ထိန်းချုပ်ထားတာကြောင့် လယ်တွေထဲ ရေမရဖြစ်ပြီး စပါးထွက်နှုန်း ကျသွားတာဖြစ်တယ်လို့ အဲ့ဒီရွာတွေက တောင်သူတွေကပြောပါတယ်။

အဲ့ဒီရွာနှစ်ရွာကလယ်တွေဟာ စပါးအထွက်နှုန်း ထက်ဝက်လောက်အထိ လျော့ကျသွားပြီး အရှေ့စည်း ရွာက လည်း စပါးအထွက်ကျသွားပေမယ့် တင်သား၊ရှားဖိုရွာတွေလောက်တော့ အခြေအနေမဆိုးဘူးလို့ ရွာခံတောင်သူ တဦးက ပြောပါတယ်။

အလားတူ ကလေးတောင်ပိုင်းဒေသနဲ့ နယ်မြေထိစပ်နေတဲ့ ဂန့်ဂေါ မြောက်ပိုင်းရွာတွေက လယ်တွေဟာလည်း စပါး ထွက် နှုန်း ကျနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“အရင်နှစ်က ကျွန်တော်တို့ရွာမှာ တဧက ရှစ်ဆယ်ကျော်ထွက်တဲ့လယ်တွေဟာ ဒီနှစ် ခြောက်ဆယ့်ငါးတင်းနဲ့ ခုနစ်ဆယ်ကြားပဲဗျ” လို့ ဂန့်ဂေါ်မြို့နယ်မြောက်ပိုင်း နှမ်းခါးရွာက တောင်သူတဦးကပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်မှာတော့ လယ်စိုက်ပျိုးခြင်းမရှိပဲ အခြောက်ခင်း (စပါးမဟုတ်တဲ့တ ခြားသီးနှံ)တွေသာ စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။

“ခေတ်ကောင်းတဲ့အချိန်ကတောင် စပါးက နည်းနည်းစိုက်တာ၊ ခေတ်မကောင်းတော့ မစိုက်ကြတော့ဘူး၊ ဝယ်စားပ” လို့ မြစ်သာမြစ် အရှေ့ဘက်ကမ်းကဂန့်ဂေါဒေသခံ တောင်သူတဦးကပြောပါတယ်။

စပါးအထွက်နှုန်းလျော့ကျလာတာကြောင့် ဂန့်ဂေါမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ စိတ်ပူ ရတယ်လို့ စစ်ဘေးရှောင်နေတွေကိုကူညီနေတဲ့ ကိုနွေဦးက ပြောပါတယ်။

ဂန့်ဂေါနယ်မြောက်ပိုင်းဟာ လက်ရှိမှာ ကလေးနယ်တောင်ပိုင်းထက် စပါးအထွက်နှုန်း ပိုနည်းနေသလို စိုက်ပျိုး ထုတ် လုပ်မှုကုန်ကျ စရိတ်ကလည်း ပိုမြင့်ပြီး ဈေးနှုန်းကလည်း ကလေးတောင်ပိုင်းဒေသ လောက်ဈေးမ ရပြန် ဘူးလို့ ဆိုပါတယ်။

ဂန့်ဂေါနယ်မှာ စပါးတဧကရိတ်ချွေစက်ငှားခဟာ ကျပ်တစ်သိန်းဖြစ်ပြီး ကလေးနယ်မှာတော့ ကျပ်ခုနစ်သောင်း သာပေးရတာဖြစ်ပါတယ်။ဒါ့အပြင် ကလေးနယ်မှာ စပါးတတင်း ကျပ်ခုနစ်ထောင့်ငါးရာပေါက်ဈေးရှိပြီး ဂန့်ဂေါ နယ်မှာတော့ ကျပ်ခြောက်ထောင်သာပေါက်ဈေးရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီလိုစျေးကွာခြားချက်တွေဟာလမ်းပန်းဆက်သွယ်ရေးကြောင့် ဖြစ်ပြီး ဂန့်ဂေါနယ်ဟာ ဆန်ရှားပါးမူနဲ့ ရင်ဆိုင်ရ ဖွယ်ရှိတယ်လို့ ဂန့်ဂေါ၊ကလေးဒေသခံတွေကသုံးသပ်ကြပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်းနယ်မြေအများစုကို ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်ပေမယ့် စစ်ကောင်စီက ရွာတွေ ထဲစစ်ကြောင်းထိုး မီးရှိုု့ဖျက်ဆီးတာနဲ့ တိုက်ပွဲတွေကြောင့် ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူ ငါး သောင်းဝန်းကျင်အထိရှိနေတာပါ။