ရွှေပြည်သာမှာ ပံ့သကူကောက်သူတွေ ကားတိုက်ခံရပြီး တစ်ဦးသေဆုံး

Photo – CJ (ကားတိုက်မှုမဖြစ်ခင်တွေ့ရတဲ့ ပံ့သကူကောက်သူများ)

ရွှေပြည်သာမြို့နယ် မြင်းလှည်းဂိတ်အနီးမှာ နို ဝင်ဘာ (၇)ရက် တန်ဆောင်မုန်းလပြည့်ညက ပံ့သကူကောက်နေ တဲ့လူအုပ်ကိုကားတိုက်မိလို့ တဦးသေပြီး နှစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့တဲ့ ရွှေပြည်သာ မြို့ခံ ကိုမောင်ဇော်က DNA ကိုပြောပါတယ်။

“(ည)ရှစ်နာရီတောင်မထိုးသေးဘူး၊လူတွေကလမ်းပေါ်အများကြီးပဲ၊ အိမ်စီးကားတစ်စီးက ကားပေါ်က နေပံ့သ ကူပိုက်ဆံတွေပစ်ချတော့ လူတွေဝိုင်းလုကြရင်း နောက် ကကပ်ပါလာတဲ့ကားကဝင်တိုက်တာ” လို့သူကပြောပါတယ်။

ပံ့သကူကောက်သူတွေကိုလိုက်ထရပ်ကားကဝင်တိုက်မိခဲ့တာဖြစ်ပြီး အဲ့ဒီကားကိုမောင်းနှင်လာတဲ့ ယာဥ်မောင်း ကိုတော့ ရွှေပြည်သာရဲစခန်းက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ကားတိုက်မှုကြောင့် သုံးဦးဒဏ်ရာရခဲ့ပေမယ့် တဦးက မစိုးရိမ်ရတာကြောင့် ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဆေး ရုံပို့ပေးရာမှာ တဦးက ဆေးရုံမှာသေဆုံးခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

နောက်ထပ်ဒဏ်ရာရသူတဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတာမရှိဘဲခြေထောက်မှာဒဏ်ရာရသွားတာဖြစ်ပြီး ငါးချက်လောက်ချုပ်လိုက်ရတယ်လို့ သူကပြောပါတယ်။

နှစ်စဉ်တန်ဆောင်မုန်းလပြည့်ညနဲ့နောက်တနေ့မနက်အစောပိုင်းတွေမှာ ငွေကြေးနဲ့ အသုံးအဆောင်တွေ ပစ်ချလှူဒါန်းတဲ့ ပံ့သကူ ဓလေ့အရင်ကတည်း ကရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရန်ကုန် လမ်းမတွေပေါ် ဖြတ်သွားဖြတ်လာ ကားတွေပေါ်ကနေ ပံ့သကူအဖြစ် ငွေကြေး ပစ်ချပေးလှူတာတွေ ရှိလာပါတယ်။

အဲ့ဒီအလေ့အထ အားကောင်းလာတာကြောင့် နှစ်စဉ်တန် ဆောင်မုန်းလပြည့်ညတွေမှာ ရန်ကုန်မြို့ကလမ်းမပေါ်တွေမှာ ပံ့သကူစောင့်မျှော်ကြတဲ့ လူအုပ်စုတွေရှိလာတာပါ။