နတ်ကတော်


“နတ်နှင့် နဂါး မလှည့်စားအပ် ၊ လှည့်စားသမှု ပြုသည်ရှိလျှင်၊ ဘေးအန္တရာယ် ဖြစ်တတ်လွယ်၏”ဒီအိမ်ရှေ့က ဖြတ်သွားတိုင်း၊ အဝတ်စ အနီပေါ်မှာ သင်္ဘောဆေးနဲ့ ရေးထားတဲ့ ဒီစာတမ်းကြီးကိုဖတ် ရတိုင်း ကျီးအာသီးရွာသားတွေ တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့ရဖူးတယ်။ ငါတို့ ရွာမှာနတ်ကတော်ရှိသဟဲ့ ဆိုပြီး ရင်ကော့နေခဲ့ကြဖူးတယ်။ နတ်ကတော်ရှိလျှင် ဘာဖြစ်သတုံးဆို။နတ်ကတော်ရှိရင် နတ်ရှိတာပေါ့။ ရှိတာမှ (၃၇) မင်း အတွင်းရော အပြင်ရော။ဘောလုံးနှစ်သင်းစာလောက် ရှိတယ်။နတ်တွေရှိတော့ ဘာဖြစ်တုန်း။ နတ်တွေက တန်ခိုးရှိတယ်လေ။  အစွမ်းထက်တယ်လေ။

နတ်တွေတန်ခိုးနဲ့ ရွာက လူတွေကို ကာကွယ်ပေးတယ်လေ။ အောင်မယ် နတ်တွေကို လူတွေဒီလောက်ကြောက်မှတော့ နတ်တွေကို အိမ်ပေါ်ခေါ်တင်ထားတဲ့ နတ်ကတော် သက်သက်နိုင် လည်းတန်ခိုးထက်ပြီလေ။ တကယ့်နာမည် အရင်းက သက်နိုင်ပါ။ မိန်းမလျာ လုံးလုံးလျားလျားဖြစ်သွားမှာသက်သက်နိုင်ဖြစ်လာတာရယ်။ ရွာမှာလည်း မိန်းမလျာဆိုတာ ရှားတော့ သက်နိုင်ကို လူတွေကအမြဲအထူးအဆန်းပေါ့။

ကာလံ၊ ဒေသံအရတော့ အဲ့ဒီခေတ်၊  အဲဒီအခါမှာ LGBT အခွင့်အရေးတွေ ဘာတွေ ဘယ်သူကသိမှာလဲ။ ဒီလိုပဲ နောက်လိုက် စလိုက်နဲ့။ ရွာမှာ ရှေးရှေးကလည်း နတ်ကတော်ကြီးတွေ ရှိခဲ့ပါတယ်။တောင်ပြုန်းရွှေနန်းဆီ က နတ်နေကြီး၊ နတ်ဝါကြီး ၊ အမတ်ချုပ် ၊ ဗောင်းချုပ်ကြီးတွေအထိပေါက်ရောက်လေးစားရတဲ့ နတ်ကတော် ကြီးတွေပေါ့။

နောက်တော့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်မှာ သက်သက်နိုင် အလှည့်ရောက်လာတယ်။သက်သက်နိုင်ဟာ နတ်ဝင်သည်တို့ရဲ့ မူလဘူတ အခြေခံဖြစ်တဲ့ “အရှေ့နေထွက်၊ အနောက်နေဝင်၊တောင်တံငါ ကွန်၊  မြောက် ဓူဝံကြယ်၊ နယ်ပယ်အတွင်း ရှိရင်းများစွာ၊နတ်ဒေဝတာတို့နှင့်တကွ” အစချီတဲ့ ခံယူအပ်သော သစ္စာတွေ ဘာတွေလည်း သိတာမဟုတ်ဘူး။လိပ်ပြာသိပ်၊ နတ်ပူး၊ နတ်ကပ်၊ နတ်အပ်၊ နတ်ချော့၊ စံခန်းဝင်၊ မင်္ဂလာထမင်းဟင်းခွံ့၊ဆိုင်းနတ်အပ် စတဲ့  နတ်ဝင်သည်တို့ တပ်အပ်တဲ့ အဋ္ဌာရသတွေကိုလည်း ပရော်ဖက်ရှင်နယ်တတ်လို့ရယ်မဟုတ်။ တောင်ပြုန်း ပွဲတုန်းက နတ်ကတော်တစ်ယောက်ဆီမှာ  အရေးပေါ် နတ်ကတော်ပညာသင်ပြီးနတ်ရုပ်တွေဝယ် ရွာပြန်လာပြီး နတ်ကတော်ဘွဲ့ခံယူသူ။

ဒီလိုနဲ့“ဓာတ်ပိုင် နတ်ပိုင် သက်သက်နိုင်” ဆိုပြီး အပ်ချလောင်းနတ်ကတော်ကြီးဖြစ်စေသတည်းပေါ့။ ဓာတ်ပိုင်နတ်ပိုင် သက်သက်နိုင်ဟာ တောင်ပြုန်းပွဲတစ်ခါသွားလိုက်တာ ဓာတ်နဲ့နတ်တင် မဟုတ်ဘူး။ တပည့် ကလေးတစ်ယောက်ပါ ပိုင်လာတာ။ ကောင်လေးက ဇော်ဇော်တဲ့။မိန်းမလျာတော့ ဟုတ်ပုံမရဘူး။ သက်သက် နိုင်လိုဟာမက မှန်စက်ရုံမှာ ငလျင်လှုပ်ခံမယ့်အမျိုးမှမဟုတ်တာ။ မိန်းမလျာချင်းတော့ ဘယ်ခေါ်လာမလဲ။ဘယ်လိုဖြစ်ဖြစ် ဓာတ်ပိုင်နတ်ပိုင် သက်သက်နိုင်က လက်ထဲက နတ်တွေ ပြပြပြီး ရွာမှာသြဇာတက် လာတယ်။ ရွာအုပ်ချုပ်ရေးမှာ သူကလည်း အရေးပါအရာရောက်လာတယ်။ ရွာလူကြီးတွေဆိုတာကလည်း နတ် တော့ ကြောက်ရတယ်လေ။ ဒါတင်ပဲလား ဆိုတော့။ ဘယ်ဟုတ်မှာတုန်း။ဓာတ်ပိုင်နတ်ပိုင် သက်သက်နိုင်က စီးပွားရေးမှာလည်း မပါဘဲ  မနေပါဘူး။

ပထမဆုံး  ရွာထိပ်က ညိုကြီးတက်နေတဲ့ ထန်းပင်တွေကို ကိုကြီးကျော်နတ်ပိုင်တာဆိုပြီးသိမ်းပစ် တယ်။ နတ်နဲ့ ခြောက်သိမ်းတော့လည်း ရိုးသားတဲ့ ညိုကြီးခမျာ ထန်းတောတစ်ဝက်ပေးလိုက်ရတာပါပဲ။ မဟုတ် လည်း သူ့မှာ ဒီထန်းတောပိုင်ကြောင်း ဘာအထောက်အထားမှ မရှိဘူးလေ။ဘိုးစဉ်ဘောင်ဆက် ဒီထန်းတော ထဲ  တဲထိုးနေပြီး ထန်းတက်စားကြလို့သာ သူလည်း လုပ်နေတာ။ညိုကြီးခမျာလည်း သက်သက်နိုင်လို့ နွဲ့တဲ့တဲ့ကို ယှဉ်နိုင်ပေမဲ့ သူကိုင်ထားတဲ့ကိုကြီးကျော်ကိုတော့ ကြောက်ရတယ်လေ။ လယ်တွေ၊ ယာတွေလည်း နတ်ပြပြီး လုပ်စားတာနဲ့အကုန်နီးပါး သူ့လက်ထဲ ရောက်လာ တယ်။ သက်သက်နိုင်ဟာ ရွာသားတွေကို  နတ်ပြပြီးချော့စား၊  ခြောက်စားနဲ့ ရွာမှာ အချမ်းသာဆုံး ဖြစ်လာ တယ်။ နောက်လိုက်တွေလည်း များလာတယ်။အများအားဖြင့် နွားခိုး၊ အမဲပေါ်၊ ဝက်ထိုး လူဆိုးအများစုပါပဲ။ဒီအချိန်မှာ သက်သက်နိုင်အတွက် ပြဿနာရှိတာက ရွာဦးက မင်္ဂလာကန်ကျောင်းပဲ။ မင်္ဂလာကန်ကျောင်းမှာ ဦးနန္ဒိယဆိုတဲ့ ဆရာတော်ကြီးနဲ့ ဦးပဥ္ဇင်းသုံးပါး ကျောင်းထိုင်တယ်။ ရွာလူကြီးတွေကိုသက်သက်နိုင် မကြည်လင်တဲ့အခါတိုင်း ရွာထဲမှာ နတ်ကန္ဒားပေးတယ်ဆိုပြီး လုပ်တယ်။ဆိုင်းဆရာတွေခေါ်၊ နတ်ကတော်တွေ ခေါ်ပြီး ခုနှစ်ရက် ခုနှစ်လီ ထန်းရည်စတုဒီသာနဲ့ ပွဲတည်တာ။ရပ်ထဲရွာထဲက လူဆိုးလူမိုက်တွေက သက်သက်နိုင်ကန္နားထဲမှာ ကိုကြီးကျော် ဝင်တယ်ဆိုပြီး တိုက်တဲ့အရက်တွေသောက်၊ ပြီးရင် အရပ်ထဲကို လိုက်ဆူပူ၊ ပြဿနာရှာ လုပ်တတ်တယ်။ ဒီမှာတင်ပဲ သူ့ဟာသူအေးအေးနေတဲ့ ဆရာတော်တွေက ဝင်ပြော ဝင်ရှင်းရတော့တာပေါ့။ သက်သက်နိုင်က လည်တယ်။ဆရာတော်တွေနဲ့ ထိပ်တိုက်မတွေ့ဘူး။ ဆရာတော်ကြီး တွေ ဆုံးမတာကို လက်အုပ်ကလေးချီပြီးနာယူတယ်။ နာယူလို့ မဝဘူးထင်ပါရဲ့။ နောက်ရက်မှာ ကျောင်းကို ရောက်လာပါလေရော။သူ့လင်ကလေးလို့ လူတွေ သမုတ်နေကြတဲ့ ဇော်ဇော်လည်း ပါလာတယ်။ သင်္ကန်း ကလေးပိုက်လို့။

“တပည့်တော်ရဲ့ တပည့်ကလေး မောင်ဇော်ဟာ လောကီဘောင်ကို စိတ်ကုန်ပြီးရဟန်းဝတ်ချင်တယ် ဆိုလို့ ဦးဇင်းတို့ ကျောင်းကို လာအပ်တာပါ ဘုရားတဲ့” တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ ဘုန်းကြီးတွေက ရိပ်မိ တယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ ရဟန်းဝတ်ချင်တဲ့သူကိုငြင်းပယ်ဖို့ကလည်း မဖြစ်ဘူးလေ။ ဒီလိုနဲ့ ရဟန်း ဒကာ သက်သက်နိုင်ကောင်မှုနဲ့ မင်္ဂလာကန်ကျောင်းမှာဦးဇင်းဇော်တစ်ပါး တိုးလာတယ်။

“ဒီကျောင်းလေးက ကျဉ်းတော့ တပည့်တော်ရဲ့ မောင်ပဉ္ဇင်းကြောင့် ဦးဇင်းတို့ အနေကြပ်ပါမယ်။ကျောင်းဝင်းထဲက မင်္ဂလာကန်ဘေးမှာ ဦးဇင်းဇော်ကို တဲကျောင်းလေးသက်သက်ထိုးပြီးသီတင်းသုံးခိုင်းပါရစေ ဘုရား” အဲဒါနဲ့ သက်သက်နိုင် ကောင်းမှုနဲ့ မင်္ဂလာကန်ကျောင်းတိုက်ဝန်းထဲ ကျောင်းဆောင်လေးနှစ်ခုဖြစ်လာ တယ်။ သုံးလေးလလောက် ကြာတော့ သက်သက်နိုင်က ဆရာတော်ကြီးဆီ ရောက်လာပြန်တယ်။

“အရှင်ဘုရား ကျောင်းဝန်းထဲက မင်္ဂလာကန်ကြီးမှာ ဘေးမဲ့လွှတ်ထားတဲ့ ငါးတွေကိုဖိုးထိန်တို့အဖွဲ့ ဝင်ဝင်ခိုးနေတယ်လို့ သတင်းရပါတယ်ဘုရား ဒါကြောင့် တပည့်တော် အဲဒီကန်ကြီးကိုခြံစည်းရိုးလှူချင်တယ် ဘုရား”ရိုးရိုးအေးအေးနဲ့ သာသနာ့အရေးသာ ဦးထိပ်ထားတဲ့ ဆရာတော်ကြီးက ဘာပြောမှာလဲ။ဒကာ့သဘော ပေါ့။ အဲဒီမှာ သက်သက်နိုင်က မင်္ဂလာကန်ကြီးနဲ့အတူ သူ့ဦးဇင်းဇော်ရဲ့ ကျောင်းလေးကိုပါခြံစည်းရိုးထဲ ထည့် ခတ်လိုက်တော့တယ်။

“ဦးဇင်းဇော် ကျောင်းလေက ခြံစည်းရိုးထဲရှိတော့ ကန်စောင့်လည်း ဖြစ်တာပေါ့ဘုရား” နဲ့ပြီးသွားပြန် တယ်။ ဘုန်းကြီးကျောင်းတစ်ဝင်းထဲမှာ ခြံစည်းရိုးဖြစ်သွားပြီး ကျောင်းဆောင်နှစ်ခုဖြစ်ပြီးကတည်းက သက်သက်နိုင်နဲ့ အပေါင်းအပါတွေဟာ ဦးဇင်းဇော်ကျောင်းကိုပဲ ဝင်ထွက်တော့တယ်။

မူလဘူတ ဆရာတော်ကြီး ဦးနန္ဒိယတို့ကိုတော့ အဖတ်တောင်မလုပ်တော့ဘူး။ ဦးဇင်းဇော်ကျောင်းဟာစီးပွားရေးကောင်းတဲ့ သက်သက်နိုင် ကောင်းမှုနဲ့ တဲကျောင်းကနေ အုတ်ကျောင်းဖြစ်လာတယ်။နောက် သက်သက်နိုင်ပင့်လာတဲ့ ဘယ်ကမှန်းမသိတဲ့အာဂန္တုကိုယ်တော်နှစ်ပါးကလည်း  အုတ်ကျောင်း မှာ ခပ်တည်တည်လာနေတယ်။ သက်သက်နိုင်ဟာဦးဇင်းဇော်ကျောင်းကို တောင်မင်္ဂလာကန်ကျောင်းတိုက် ဆိုပြီး ဆိုင်းဘုတ်သတ်သတ်ရေးလိုက်ပြန်တယ်။အဲဒီလိုဆိုတော့ ဒီဘက်က မူလပထမကျောင်းက မြောက် မင်္ဂလာကန်ကျောင်း မဖြစ်သွားဘူးလား။ ဒါမင်္ဂလာကန်ကျောင်းကို နှစ်ခြမ်းခွဲပစ်နေတာလို့ တစ်ချို့ လူကြီးတွေ က ဝေဖန်တော့ သက်သက်နိုင်ကတစ်ရွာလုံးကြားအောင် ဟစ်တော့တယ်။

“ဟေ့ သက်သက်နိုင်တို့က သံဃာကို ရည်မှန်းပြီး လှူတာ ဟတ်လား။ ဘယ်သူ ဘယ်ဝါရယ်ဟတ်လား မခွဲဘူး။ သံဃာကို … ရည်စူးလှူတာ ဆန့်ကျင်ဘက်အနေအထားတွေဖြစ်ဖို့အားပေးနေတာမဟုတ်ဘူး။ သက်သက်နိုင်တို့ မှန်တယ် ဒါကိုမှ လာပြီး တောပြော တောင်ပြောမပြောနဲ့ဟဲ့”အခုတော့ ကျီးအာသီး ရွာကလေးဟာ အရင်ကလို ငါတို့ရွာမှာ နတ်ကတော်ရှိတယ် ဟဲ့ဆိုပြီးရင်မကော့ နိုင်တော့ပါဘူး။ နတ်တွေကို မကြောက်ရဘဲ နတ်ကတော်ကို ပိုကြောက်ရတဲ့ဘဝကိုရောက်နေပါပြီ။ နတ်ကတော်တင်လား ဆိုတော့ မဟုတ်ပြန်ဘူး။ နတ်ကတော် တင်ထားတဲ့စင်ပြိုင်ဘုန်းကြီးကျောင်းက ဦးဇင်းဇော်ကိုပါ လန့်နေရပြီ။အခုဆို သက်သက်နိုင်ဟာ ငါးရံ့ခြောက်တွေကို မြို့ကို သွင်းတဲ့ လုပ်ငန်းကြီးတောင် စလုပ်နေပြီ။မင်္ဂလာ ကန်တော်ကြီးကို တစ်ခုလုံးကို ခြံစည်းရိုးထဲကိုထည့်ထားတဲ့ ဦးဇင်းဇော် ကျောင်းမှာလည်းငါးဖမ်းပိုက်ကြီးတွေ၊ ငါးမြားတံကြီးတွေ ဟီးလို့။ ဆရာဒကာ ဆက်ဆံရေးပြေပြစ်လွန်းတော့မင်္ဂလာကန်ထဲက ငါးတွေ ငါးခြောက် ဖြစ် တာပေါ့။ဆရာတော်ဦးနန္ဒိယတို့မှာလည်း ကျောင်းတစ်ခြမ်းပေးလိုက်ရတာ မတောင်းရဲရှာဘူး။ မတော်သူတို့ပိုင် တဲ့ ကျောင်းလေးကိုတောင် လှည့်ကွက်ဆင်ပြီး မောင်ပိုင်စီးနေမှဖြင့်တောထဲထွက်နေရတော့မယ့်ကိန်းလေ။ ဒါကြောင့် ရွာကလူတွေက တီးတိုးပြောကြတယ်။

“ငါတို့ရွာတော့ ဇာတ်ထဲကလို ဓားပြလူကြမ်းတွေ ဝင်စီးခံနေရပြီထင်ပါရဲ့တဲ့” ဒီစကားကိုနတ်ကတော် သက်သက်နိုင် ကြားတဲ့အခါ သူ့အိမ်ကနေ အခုလို ခုနှစ်သံချီအော်ပြန်တော့တာပဲ။“ဟေ့ နတ်ကတော်မရှိရင် ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းသိတယ်။ အခု ဒီရွာမှာ နတ်ကတော်မရှိအောင် နတ်ကတော်အင်အားချိနဲ့အောင် လုပ်နေပြောနေတာတွေ ရပ်နော် ဟတ်လား။ နတ်ကတော်ကဒီရွာအတွက် ရိုးသားစွာ စွန့်လွှတ်အနစ်နာခံနေတာ။ နတ်ကတော်ဟာ လူကြမ်းမဟုတ်ဘူး။ လူချောဟဲ့လူချော တဲ့”လူတွေလည်း ဘာမှ မတတ်နိုင်တော့ဘူး။ နတ်ထက် သူ့ကို ကြောက်နေရပြီကိုး။ ဒီတော့သက်သက်နိုင် ကို နတ်ကတော်မမချောလို့ပဲ အမည်သမုတ်ပြီး လှောင်ပြုံးလေး ခိုးပြုံးနေရုံမှအပ ဘာမှလဲမလုပ်ရဲတော့ပါဘူးလေ။

မော်စကိုဒေါ်ချို