ကြည်ဇော်အေးကို လိုက်ပို့ခြင်း

ဆုံးပြီဆိုတဲ့ စကားဟာ မင်းနဲ့ကျမှ ပြည့်စုံလွန်းနေတယ်။ကြည်ဇော်အေးဆုံးပြီတဲ့။မင်းကိုချစ်တဲ့သူတွေအတွက်တော့ ဘာမှမကျန်အောင် ဆုံးရှုံးလိုက်ရတာပေါ့ကွာ။တစ်နေ့တစ်နေ့ လူတွေက သေနေကြတာပဲ။ ကိုယ်ချစ်တဲ့သူသေမှ၊ကိုယ်တန်ဘိုးထားတဲ့သူ သေမှ၊ လောကကြီးကမတရားဘူး ဘာဘူးလည်းမပြောချင်တော့ပါဘူး။  တကယ်တော့ သေခြင်း တရားဟာ ငါတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုပဲ။

နောက်ဆုံးအချိန်ထိ ခုခံသွားရုံကလွဲပြီး ငါတို့မှာ ဘာမှ ရွေးချယ်စရာမရှိဘူး။ လက်လှမ်းမမီတဲ့လှည့်ဖျားမှုတွေနဲ့ စိတ်ကိုဖြေသာအောင်လုပ်ရုံပဲ တတ်နိုင်ကြ တယ်။ နောက်ဘဝပဲ ပြောပြော၊ဘုရားသခင်ရှေ့မှောက်ပဲ ပြောပြော၊ ကောင်းကင်ဘုံပဲ ပြောပြော လောလောဆယ်တော့မီးသင်္ဂြုဟ်စက်ထဲ မြေတွင်းအမှောင်ထုထဲ အရင်ပို့လိုက်ကြရတာပဲ။

ပြောစရာက သေသွားတဲ့သူရဲ့ အသက်ရှင်စဉ်တုန်းက ဘဝနေထိုင်မှုကိစ္စပဲ။သူ့လုပ်ဆောင်ချက် တွေပဲ။ သူ့ရွေးချယ်ရပ်တည်မှုတွေပဲ။ သူ့ကျမှ ခမ်းနားနေလား၊ငါတို့အသက်တွေက အသက်မဟုတ် တော့ဘူးလား။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်းတရားကမခွဲခြားပါဘူး။ မတော်တဆကြောင့်ပဲ ဖြစ်ဖြစ်၊ ရောဂါဘယကြောင့်ပဲ ဖြစ်ဖြစ်၊ တိုက်ပွဲမှာဖြစ်ဖြစ်၊ ရေချိုးခန်းထဲမှာ ဖြစ်ဖြစ် သေခြင်းတရားဟာ ချောင်းမြောင်းနေတာပဲ။ နောက်တော့ကြောင်ဆွဲခံရတဲ့ ကြွက်အသေလေးတကောင်လို ပက်လက် ကလေးတရွေ့ရွေ့ဆွဲသွားခံလိုက်ရတာကြည့်ရင်း နံရံပေါ် မျက်နှာကို ပြေးမှောက်ထားမိတယ်။

တစ်ယောက်က အခန်းထဲကနေ အပြင်ဘက်ကနေရောင်ကို လှမ်းငေးနေတဲ့အချိန်မှာတစ်ယောက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပူချိန်ထောင်ချီတဲ့မီးဖိုထဲ ထိုးထည့်လိုက်တာခံရတယ်။ အရေပြားသပ်သပ် အသားသပ်သပ်၊ သွေးကြောတွေသပ်သပ်အရိုးအဆစ်တွေသပ်သပ် တစ်ခုချင်း တစ်ဆင့်ချင်း ကျွမ်းလောင်တာမျိုးမဟုတ်၊ ဟုတ်ခနဲမီးစွဲပြီးတာနဲ့ တစ်ပြိုင်နက်တည်း ပြာမှုန့်အဖြစ် ပြောင်းသွားခဲ့။ မီးဖိုထဲမှာ ပြာမှုန်တွေဟာလွင့်ပျံလို့၊ ရှေ့ကပြာနဲ့ နောက်ကပြာဟာ ရောနှောလို့။ တချို့ ပြာတွေက လေနဲ့အတူ  အပြင်ကိုသုတ်ခနဲ လွင့်ပျံသွား။ တချို့မြေကြီးပေါ်ကျ၊ တချို့သစ်ရွက်တွေ ပေါ်တင်၊ တချို့ရေထဲကျပျော်ဝင်။ ခုန အခန်းထဲကတစ်ယောက် လှမ်းငေးနေတဲ့နေရောင်ဟာ ရေထဲက ပြာကိုအငွေ့အဖြစ် ယူဆောင်၊ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်။ ခုန ရုပ်ခန္ဓာကြီးဟာ အခုတော့ကမ္ဘာကြီးရဲ့ ရေမြေတွေနဲ့ တစ်ထပ်တည်းကျ၊ ခရီးတစ်ခုထွက်ခွာသွားခဲ့ပုံဟာအဆန်းတကြယ်နိုင်လှ တယ်။ သူလို့ရည်စူးတဲ့ ပြာမှုန်ထုပ်လေး၊ ပြာအိုးလေးကိုကမ္ပည်းကျောက်ပြားလေးနဲ့ ပိတ်လိုက်တဲ့ အုတ်ဂူလေးပေါ်မှာတော့ဘယ်သူမှသတိမထားမိခဲ့တဲ့သူလေးတစ်ဦးရဲ့ ပန်းစည်းလေးပေါ်မှာ နေရောင် ဟာ ဖြာကျလို့။

စွမ်းအင်တွေက အသွင်ပြောင်းတယ်။ ရုပ်ဝတ္ထုတွေက သံသရာလည်တယ်။သေသွားတဲ့သူ တစ်ယောက်ရဲ့ ရုပ်ခန္ဓာကြီးဟာ ဒီအိမ်မှာ၊ ဒီရပ်ကွက်ထဲမှာ၊ ဒီမြို့မှာ၊ဒီကမ္ဘာကြီးပေါ်မှာ မရှိတော့ဘူး။ ဆွေးမြည့်သွားတယ်၊ ပြာကျသွားတယ်။မြေကြီးဖြစ်သွားတယ်။ ရေထဲပျော်ဝင်တယ်။ အငွေ့ပျံတယ်။ နေရာစုံ စီးမျောတယ်။ အရာရာနဲ့ကပ်ငြိတယ်။ မိုးစက်မိုးပေါက် ရေအိုင်ရေကန်၊ သစ်ပင်ပန်းပွင့် မြက်ခင်းနဲ့ တောအုပ်ငယ်၊တောင်ကုန်းမို့မို့ မြေလမ်းကလေး ကျောက်စရစ်ခဲလေးများ။ မင်းဘယ်မှာ လဲ၊ ငါနေရာတိုင်းမှာ။

တကယ်တော့ လူတို့ရဲ့အလေးအမြတ်ပြုမှုထဲမှာ၊ ချစ်ခြင်းမေတ္တာထဲမှာ၊မှတ်တမ်းကမ္ပည်းစာ တွေထဲမှာ သူ့ပေးဆပ်ထားမှုတွေ၊ သူ့ဖန်တီးထုတ်လုပ်ခဲ့မှုတွေ၊သူပေးခဲ့တဲ့ခွန်အားတွေ၊ ထားခဲ့တဲ့ ချစ်ခြင်းနဲ့ တရားတွေဟာ သံသရာလည်ဖို့လည်း မလို၊အသွင်ပြောင်းလို့လည်းမရ၊ လှည့်ဖျားမှုတွေ လည်းမပါပဲ တန်ဖိုးတစ်ခုအဖြစ် ရှိနေခဲ့တာဟာသူ့ရဲ့ကိုယ်ပိုင်အဓိပ္ပါယ်ပဲ။  လူဟာသေတယ်။ တန်ဘိုးတွေက မသေဘူး။ အဓိပ္ပာယ်တွေကမဆုံးဘူး။

မင်းဘယ်မှာလဲ ကြည်ဇော်အေး၊ ငါလှမ်းငေးနေတဲ့ နေရောင်ထဲမှာ၊သစ်ပင်စိမ်းစိမ်းတွေပေါ်မှာ၊ ဟိုးကောင်းကင်ပြာအစွန်းက တိမ်ဖြူတစ်ဆုပ်မှာ။ အခုပဲရှူသွင်းပြီးတလေးကြီးချလိုက်တဲ့ ပင့်သက် ပူပူမှာ။

နှင်းခါးမိုး

Delta News

Read Previous

နတ်ကတော်

Read Next

သမိုင်းကုန်းကျော်တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသား ပြင်းထန်ဒဏ်ရာရ