တော်လှန်သောမွေးနေ့

လူငယ်တွေ တိုင်းပြည်က ထွက်ပြေးနေကြတယ်။ဒီလူကြီးတစ်ယောက်အတွက် ငါတို့အသက်အသေမခံနိုင်ဘူးတဲ့ဥရောပနိုင်ငံကြီးတစ်နိုင်ငံမှာပေါ့။လူငယ်တွေတိုင်းပြည်က ထွက်ပြေးနေကြတယ်အလုပ်လက်မဲ့နဲ့ ငတ်ပြီးအသေမခံနိုင်လို့အနာဂတ်ပျောက်ပြီး ဘဝမမဲ့ချင်ကြလို့အမှောင်ထုထဲမှာ သိမ်လှီခြောက်ကပ်မနေချင်ကြလို့မတရားတဲ့အုပ်ချုပ်မှုတစ်ခုကို လက်မခံနိုင်ကြလို့ တဲ့အရှေ့တောင်အာရှရဲ့ ကမ်းခြေတစ်နေရာမှာပေါ့။နိုင်ငံဆိုတဲ့လှောင်ချိုင့်တစ်ချိုင့်ထဲမှာ ဒီခေတ်မှာ လူတွေကို ထည့်ပိတ်ထားလို့ မရတော့ဘူးမြေကြီးအတွက် သူတို့အသက်တွေကို အလကားတောင်းလို့ မရတော့ဘူးလူတိုင်းဟာ သူတို့ဘဝကို သူတို့ပိုင်တယ် သူတို့အသက်ကိုစွန့်ဖို့လိုရင် သူတို့ဘဝအတွက်စစ်ပွဲတစ်ပွဲလိုရင် အဲဒါသူတို့ရွေးချယ်မှုပဲဖြစ်ရမယ်။ ကြွေးကြော်သံတစ်ခုနဲ့ မိန့်ခွန်းတစ်ခုနဲ့ဘိန်းကြွေးပြီး စစ်ပွဲထဲမောင်းသွင်းလို့ မရတော့ဘူး။ ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆိုသူတို့အသက်ရှင်နေထိုင်ခွင့်ရှိကြောင်း၊ လူတစ်ဦးချင်းဟာ ကိုယ့်လွတ်လပ်ရေးကိုကိုယ်စောင့်ရှောက်ခွင့်ရှိကြောင်း ကောင်းကောင်းသိနေကြပြီ။ကမ်းစပ်မှာ လာတင်နေတဲ့ ငါးအသေလေးတစ်ကောင်လို ဆီးရီးယားကလေးငယ်လေးဟာခင်ဗျားတို့နယ်စပ်တွေကို ရိုက်ချိုးခဲ့တယ်။ ဗုံးကြဲခံလိုက်ရတဲ့ကျောင်းလေးထဲကအညာကျေးလက် ကလေးငယ်လေးတွေရဲ့ အရိုးတခြား အသားတခြားသွေးကွက်တွေကခင်ဗျားတို့ရဲ့ သံခင်းတမန်ခင်း စကားတွေကို ပြာတွေနဲ့ လူးပစ်လိုက်တယ်။ ငြိမ်းချမ်းရေးဟာခင်ဗျားတို့ရဲ့ ညစာစားပွဲတွေအတွက် ဟင်းလျာတစ်ခုထက် ပိုသင့်တယ် မဟုတ်လား။

ယူကရိန်းမှာရှာတွေ့တဲ့ အစုလိုက်အပြုံလိုက် မြှုပ်ထားတဲ့ ကျင်းကြီးတွေထက်ပိုကြီးတဲ့ကျင်းကြီးတွေဟာ အာရှမှာ အာဖရိကမှာ အရှေ့အလယ်ပိုင်းမှာ ခင်ဗျားတို့ရဲ့တကယ့်လူသားစိတ် နိုးထလာမယ့်နေ့ကို စောင့်မျှော်နေကြပါတယ်။ ဒုက္ခသည်တံဆပ်ကပ်ထားတဲ့ လူသားအရင်းအမြစ်တွေကို ဈေးပေါပေါနဲ့ ခင်ဗျားတို့လိုအပ်နေတုန်း ပဲလား။ ခင်ဗျားတို့ရဲ့ အမှောင်ထဲက အကျိုးစီးပွားတွေကို သံကြိုးတန်းလန်းနဲ့စောင့်ခိုင်းဖို့ အာဏာရှင် တချို့ကို ခွေးဆိုးတွေလို မွေးနေတုန်းပဲလား။ ကျုပ်တို့ဟာ ခွေးစာတွေမဟုတ်ဘူး။ နိုးထလာတဲ့ လူသားတွေ။ ကိုယ့်ကိုယ်ကိုယ် ခုခံမယ်၊ ကာကွယ်စောင့်ရှောက်မယ်။ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်ကြမယ်။ “Black lives matter” အမဲလည်း လူပဲ၊ “ငါတို့လည်းလူတွေပဲ”။ “ငါတို့အသက်ဟာ ဈေးမပေါဘူး”။ဈေးကွက်ချဲ့ထွင်ဖို့ ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ကုမ္ပဏီကြီးတွေက ဂလိုဘယ်လိုက်ဇေးရှင်းပဲ။

ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုမဆို ဘီလ်ဘုတ်ကြီးတွေ ထောင်ပြီး၊ ဗီနိုင်းကြီးတွေ ချိတ်ပြီးချက်ချင်းကို ရောက်လာ တာ။ ကျူးကျော်ရပ်ကွက်နဲ့ ဒုက္ခသည်စခန်းကိုတောင် မရှောင်ဘူး။ဆီတွေဆန်တွေ ပြတ်လပ်ရင်၊ လုံခြုံမှုနဲ့ တရားမျှတမှုကို ငတ်မွတ်တဲ့အခါကျရင်တော့ခင်ဗျားတို့ရဲ့ အစည်းအဝေးခန်းကြီးတွေက တံခါးပိတ်လိုက်၊ တံခါးဖွင့်လိုက်။ ကျုပ်တို့ရွာကိုလောင်တဲ့မီးက သိကြားမင်းကျောက်ဖျာကိုလည်း မပူ ဘူး။ အာဆီယံကအပမ်းဖြေကမ်းခြေတွေဆီလည်း မီးပွားမကျဘူး။ ဝါရှင်တန်နဲ့ နယူးယောက်က ရုံးတွေကိုလည်းမှိုင်းမစွဲဘူး။ ရန်ကုန်မြို့က ဘီယာဆိုင်တွေမှာတောင် အကင်နံ့တွေက ညှော်တာလား၊စစ်ပွဲတွေက ညှော်တာလား မသဲကွဲကြတော့ဘူး။ အစတုန်းကတော့ အာဏာရှင်ကို ဆန့်ကျင်ခဲ့တာ။ မတရားမှုကို မုန်းခဲ့တာ။ စနစ်ဆိုးကိုတော်လှန်ခဲ့တာ။အခုတော့ ငါတို့ဆန့်ကျင်စရာဟာ အာဏာရှင်တစ်စုတည်း မဟုတ်မှန်း၊ ငါတို့မုန်းစရာတွေကမတရားမှု တွေချည်းပဲ မဟုတ်မှန်း၊ ငါတို့တော်လှန်ရမှာ စနစ်ဆိုးသက်သက်ကိုသာ မဟုတ်မှန်း။

တကယ်တော့ လူ့ဘဝက တိုပါတယ်။ကိုယ့်ကိုယ်ကိုယ် တော်လှန်ရတာတောင် တစ်ဘဝနဲ့ မလောက်ချင်ဘူး။ မွေးနေ့တစ်နေ့ရောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မုန်းရတာလည်း မူးလိုက်တာ။

နှင်းခါးမိုး

Delta News

Read Previous

ကိုဗစ်လူနာ ၈၀၀ လောက် ရှိပေမယ့် ခရုစ်သင်္ဘောကြီးတစ်စီး ပုံမှန် ခရီးဆက်ဖို့ စီစဉ်ထား 

Read Next

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ၅ မှတ်ဖြတ်ပြီး ဂီယာနောက်တစ်ဆင့် တင်လိုက်တဲ့ အာဆင်နယ်