အသင်းကြီးအများစု ပွဲချောင်မယ့် ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက် 

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေ အချင်းချင်း ရင်ဆိုင်တွေ့ဆုံတာမျိုး မရှိဘဲ အသင်းကြီးတွေ ပွဲချောင်တယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ ပွဲစဉ် အနေအထား အရတော့ အမှတ်ပေးဇယားကို အာဆင်နယ်ရဲ့ ဦးဆောင်နေမှုက အပြောင်းအလဲ ဖြစ်မယ့် သဘောမျိုး မတွေ့ရသေးပါဘူး။ 

လက်စတာစီးတီး – မန်ချက်စတာစီးတီး

ရာသီအစပိုင်းမှာ လက်စတာရဲ့ ကျဆင်းမှုတွေက အတော်ကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၁ ပွဲသရေကျခဲ့တယ်ဆိုတဲ့ စွမ်းဆောင်ရည်က လက်စတာ ပြန်ဦးမော့လာမလားဆိုတဲ့ မေးခွန်းကို လက်တွေ့ကျလာစေပါတယ်။ ဒါပေမဲ့ သူတို့ ယှဉ်ရမယ့် ပြိုင်ဘက်က ချန်ပီယံ မန်ချက်စတာ စီးတီးပါ။ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်ယူဖို့ နိုင်ပွဲတွေကို အငမ်းမရ ရှာဖွေနေတဲ့ အသင်းဖြစ်ပါတယ်။ စီးတီးဟာ ပရီးမီးယားလိဂ်ကို အာရုံစိုက်ထားတဲ့အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာတောင် အဓိက ကစားသမားတွေကို အနားပေးနေတာ တွေ့ရပါတယ်။ လက်စတာရဲ့ ကစားပုံက မာန်ပါပေမယ့် ရိုးရှင်းပါတယ်။ နောက်ပြီး အသက်အရွယ် ရလာပြီဖြစ်တဲ့ ခံစစ်ကြောင်းကလည်း ဟာလန်းဦးဆောင်တဲ့ စီးတီးတိုက်စစ်ရဲ့ အရှိန်ကို ထိန်းနိုင်ဖို့ လမ်းမမြင်ပါဘူး။ ချန်ပီယံတွေအတွက် နောက်ထပ် ၃ မှတ် သေချာတဲ့ ပွဲစဉ်ပါ။ ဒါပေမဲ့ လက်စတာရဲ့ တစ်ချက်ကောင်း တန်ပြန်တိုက်စစ်တွေကိုတော့ စီးတီးအနေနဲ့ မဖြစ်မနေ သတိထားရပါလိမ့်မယ်။ 

နယူးကာဆယ်ယူနိုက်တက် – အက်စ်တန်ဗီလာ

စိတ်ဝင်စားစရာ ပွဲစဉ်တစ်ခုလို့ ညွှန်းရပါမယ်။ ပြီးခဲ့တဲ့ရာသီ တန်းဆင်းဇုန်ထိ ရောက်ခဲ့တဲ့ နယူးကာဆယ်ဟာ လမ်းကြောင်းမှန်မှန်နဲ့ ပြန်လည်ပြင်ဆင်နိုင်ခဲ့တဲ့နောက် အခုဆိုရင် အမှတ်ပေးဇယား ထိပ်ပိုင်းနားကို ရောက်နေပါပြီ။ ပြီးခဲ့တဲ့ အပတ်ကလည်း နာမည်ကြီး တော့တင်ဟမ် ဟော့စပါးကိုပါ အဝေးကွင်းမှာ အနိုင်ယူပြခဲ့ပါတယ်။ ဗီလာကတော့ အခြေအနေ အရမ်းဆိုးနေပြီး အမှတ်ပေးဇယား အောက်ခြေနားထိ ရောက်ခဲ့ပါတယ်။ ဒါကြောင့် မန်နေဂျာ စတီဗင် ဂျရတ်လည်း ထုတ်ပယ် ခံလိုက်ရပါတယ်။ ဒါပေမဲ့ ဂျရတ်ကို ထုတ်ပယ်ပြီး ပထမဆုံး ကစားတဲ့ ပွဲစဉ်မှာ ဗီလာက အံ့ဩလောက်စရာ ပြောင်းလဲသွားပြီး ဘရန့်ဖို့ဒ်ကို လေးဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ ဒီပွဲအပြီးမှာ မန်နေဂျာသစ် အမ်မရီ ရောက်လာတော့မှာ ဖြစ်တာကြောင့် ဗီလာ ကစားသမားတွေကလည်း ပိုကြိုးစားပြပါလိမ့်မယ်။ တကယ်တော့ ဗီလာရဲ့ ကစားသမား စုဖွဲ့မှုက မခေလှပါဘူး။ အိမ်ကွင်းမှာ နယူးကာဆယ် အနိုင်ရဖို့ များပေမယ့် ဗီလာရဲ့ ရုန်းကန်အား ပွဲရလဒ်အပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ 

ဘွန်းမောက်သ် – တော့တင်ဟမ်ဟော့စပါး

နောက်ဆုံး နှစ်ပွဲဆက်တိုက် ရှုံးထားတဲ့ နှစ်သင်း တွေ့ဆုံကြတာပါ။ တော့တင်ဟမ်က ဘွန်းမောက်သ်ထက် ရည်မှန်းချက် ပိုကြီးသလို ကစားသမားတွေအပေါ် သက်ရောက်တဲ့ ဖိအားကလည်း ပိုပြင်းထန်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ကို မျှော်လင့်ထားတဲ့ အသင်းတစ်သင်းဟာ ပြိုင်ဘက်တွေနဲ့ အမှတ်မပြတ်တဲ့ အချိန်မှာ နှစ်ပွဲဆက် ရှုံးနိမ့်မှုက ကျယ်လောင်တဲ့ သတိပေး ခေါင်းလောင်းသံ ဖြစ်လာပါတယ်။ ဘွန်းမောက်သ်ကတော့ လတ်တလော ရလဒ်ဆိုးနေတဲ့ တော့တင်ဟမ်ကို အိမ်ကွင်းအားနဲ့ အကောင်းဆုံး ခံကစားဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ ဒါပေမဲ့ ဘွန်းမောက်သ်ရဲ့ တိုက်စစ်ပိုင်းက ထက်မြက်မှု အားနည်းသလို ခံစစ်ကလည်း ပျမ်းမျှ တစ်ပွဲကို နှစ်ဂိုးအထက် ခွင့်ပြုထားရပါတယ်။ တော့တင်ဟမ်က ခြေစွမ်း၊ စုဖွဲ့မှု၊ အစဉ်အလာ အားလုံးသာလွန်နေပြီးသားပါ။ ဒီပွဲကို မနိုင်မဖြစ် နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့သာ ကစားရင် တော့တင်ဟမ်အတွက် ၃ မှတ်က သပိတ်ဝင် အိတ်ဝင် ဖြစ်ပါလိမ့်မယ်။ တော့တင်ဟမ်ပဲ နိုင်ဖို့များသလို နိုင်လည်း နိုင်သင့်ပါတယ်။ 

ဘရိုက်တန် – ချဲလ်ဆီး

ချဲလ်ဆီး မန်နေဂျာ ပေါ့တားအနေနဲ့ သူ့ကို ကြယ်တစ်ပွင့် ဖြစ်လာအောင် မြေတောင်မြှောက်ပေးတဲ့ အသင်းဟောင်း၊ ကွင်းဟောင်းဆီ ပြန်သွားရမှာ ဖြစ်ပါတယ်။ သူက ဘရိုက်တန် ကစားသမားတွေအကြောင်း ကောင်းကောင်း သိနေသလို ဘရိုက်တန် ကစားသမားတွေကလည်း သူ့လုပ်ကွက်တွေကို နားလည်ပြီးသား ဖြစ်တာကြောင့် မြွေမြွေချင်း ခြေမြင်နေကြတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ ပေါ့တားက အသင်းသစ် ချဲလ်ဆီးမှာ ခပ်မြန်မြန် အထိုင်ကျပြီး ရလဒ်တွေ ကောင်းနေပေမယ့် ဘရိုက်တန်ကတော့ သူမရှိတော့တဲ့ အချိန်ကစလို့ တော်တော်လေး ရုန်းကန်နေရပါတယ်။ မန်နေဂျာသစ် ဒီဇာဘီ လက်ထက်မှာ ဘရိုက်တန်က ပရီးမီးယားလိဂ် နိုင်ပွဲ လုံးဝ မရတော့ဘဲ ၅ ပွဲမှာ ၃ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။ ထိပ်ဆုံး ၄ သင်း ဝင်ဆံ့ရေး မျှော်လင့်နေတဲ့ အချိန်မှာ ချဲလ်ဆီးအနေနဲ့ ဘာခြွင်းချက်မှ မထားဘဲ ဒီပွဲမျိုးကို အနိုင်ကစားထားဖို့ လိုပါတယ်။ 

လီဗာပူးလ် – လိဒ်စ်ယူနိုက်တက်

ဒီရာသီမှာ လီဗာပူးလ်နဲ့ ပတ်သက်တဲ့ ပြဿနာ ကြီးကြီးမားမားတစ်ခု ရှိပါတယ်။ အဲဒါကတော့ စွမ်းဆောင်ရည် မတည်ငြိမ်ခြင်းပါပဲ။ ချန်ပီယံ မန်ချက်စတာ စီးတီးလို အသင်းမျိုးကို ထိုက်ထိုက်တန်တန် အနိုင်ယူပြပြီး နောက်တစ်ပွဲမှာ အမှတ်ပေးဇယား အောက်ခြေက နော်တင်ဟမ် ဖောရက်စ်ကို ရှုံးသွားတာမျိုးက မျက်စိလည်ချင်စရာ ကောင်းလွန်းပါတယ်။ လိဒ်စ်ကလည်း ရာသီအစပိုင်းမှာ ပရိသတ်တွေ အတော်လေး မျှော်လင့်ချက်ထား စောင့်ကြည့်ခဲ့ကြပေမယ့် လောလောဆယ်တော့ တန်းဆင်းဇုန်မှာ တဝဲလည်လည် ဖြစ်နေဆဲပါ။ လိဒ်စ်မှာ တစ်ဦးချင်း ချွန်ထွက်နေတဲ့ ကစားသမားမျိုး မရှိသလို အသင်းလိုက် ကစားပုံကလည်း စိတ်ဝင်စားစရာ မဟုတ်ပြန်ဘူး။ ကစားရမယ့် နေရာကလည်း လီဗာပူးလ်အတွက် အောင်မြေလို့ ကြွေးကြော်ရမယ့် အိမ်ကွင်း အန်းဖီးလ်မှာ ဖြစ်နေတာကြောင့် လိဒ်စ်တို့ မချောင်ပါဘူး။ ပြီးခဲ့တဲ့ အပတ်မှာတော့ တန်းဆင်းဇုန် အသင်းတစ်သင်းဖြစ်တဲ့ နော်တင်ဟမ်က လီဗာပူးလ်ကို အနိုင်ကစားသွားပါတယ်။ ဒီအမှားမျိုး လီဗာပူးလ်က ထပ်အဖြစ်ခံမှာ မဟုတ်ပါဘူး။ အိမ်ရှင်တွေ ဂိုးပြတ် ခြေပြတ် နိုင်ပွဲတစ်ခုကို ယူဆောင်သွားပါလိမ့်မယ်။ 

အာဆင်နယ် – နော်တင်ဟမ်ဖောရက်စ်

တစ်ရာသီလုံး ခြေစွမ်းပြနေတဲ့ အာဆင်နယ်ဟာ နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ထားပါတယ်။ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်နဲ့ သရေကျခဲ့ပြီး ယူရိုပါလိဂ်မှာ ပီအက်စ်ဗီကို ရှုံးခဲ့ပါတယ်။ နော်တင်ဟမ်က နောက်ဆုံးပွဲမှာ လီဗာပူးလ်ကို နိုင်ထားတာကြောင့် စိတ်ဓာတ် တက်ကြွနေပါလိမ့်မယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ အရှိန်နည်းနည်း လျော့လာတယ် ဆိုဦးတော့၊ အိမ်ကွင်းမှာ နော်တင်ဟမ်ကို အနိုင်ကစားဖို့တော့ အခက်အခဲ မရှိလောက်ပါဘူး။ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်မှာ ကစားသမားကောင်း တချို့ကို အနားပေးထားတာကလည်း မန်နေဂျာ အာတီတာ အနေနဲ့ ပရီးမီးယားလိဂ်ကို အာရုံပြန်စိုက်နေပြီလို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းတို့ရဲ့ တွေ့ဆုံမှုမှာ ပြဇာတ်ဆန်ဆန် အလှည့်အပြောင်းတွေကိုတော့ မမျှော်လင့်သင့်ပါဘူး။ အာဆင်နယ် အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ပါလိမ့်မယ်။ 

မန်ချက်စတာယူနိုက်တက် – ​ဝက်စ်ဟမ်းယူနိုက်တက်

ယူနိုက်တက်ရဲ့ ကစားပုံက တဖြည်းဖြည်းချင်း တိုးတက်လာနေပေမယ့် ရလဒ်တွေကတော့ မတည်ငြိမ်သေးပါဘူး။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ချန်ပီယံ မန်ချက်စတာ စီးတီးကိုတော့ ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဝက်စ်ဟမ်းက နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲထိ နိုင်ထားပြီး ကစားပုံကလည်း မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ ယေဘုယျ အနေနဲ့ ပြောရရင်တော့ အိမ်ကွင်း အားသာချက်လည်း ရှိနေတဲ့ ယူနိုက်တက်က နိုင်ခြေ ပိုများပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းကို ဆွဲချမယ့် ပြဿနာတချို့လည်း ရှိနေဆဲပါ။ ဒေါင်ဒေါင်မြည် တိုက်စစ်မြားဦး ကစားသမားတစ်ယောက် လိုအပ်နေတဲ့ ဟာကွက်ဟာ ချဲလ်ဆီး၊ နယူးကာဆယ် ယူနိုက်တက်တို့နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်တွေမှာ ​တော်တော်ကြီး သိသာခဲ့ပါတယ်။ ပြီးတော့ အားထားရတဲ့ ခံစစ်မှူး ဗာရာနေး ဒဏ်ရာရနေချိန်မှာ ယူနိုက်တက် ခံစစ်က ပုံစံပျက်သွားနိုင်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကစားသမား အများစုဟာ ပွဲဆက်တွေများပြီး နွမ်းနယ်စ ပြုနေပါပြီ။ ဒါတွေက အနုတ်လက္ခဏာ ရှုထောင့်ဖက်က ချဉ်းကပ်ကြည့်တဲ့ အမြင်တွေဖြစ်ပြီး မန်နေဂျာ တန်ဟက်ဂ် လက်ထက်မှာ တိုးတက်လာတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကစားပုံအရ ယူနိုက်တက်ဟာ ဝက်စ်ဟမ်းအပေါ် လွှမ်းမိုးထားနိုင်ဖွယ် ရှိပေမယ့် အဆုံးသတ် အပိုင်းမှာ ပိုကောင်းမလာရင် နစ်နာမှုတွေ ကြုံသွားနိုင်ပါတယ်။ ဝက်စ်ဟမ်းမှာလည်း ရှိရင်းစွဲ လူကောင်းတွေအပြင် စကာမက်ကာနဲ့ ပါကွက်တာတို့လို အရည်အသွေးမြင့် ကစားသမားတွေ ထပ်ဖြည့်ထားတဲ့အတွက် အဆိပ်ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ယူနိုက်တက် နိုင်ခြေများပေမယ့် ဝက်စ်ဟမ်းရဲ့ တုံ့ပြန်အားကြောင့် ဘယ်လိုရလဒ်မျိုးကိုမဆို မျှော်လင့်ထားသင့်ပါတယ်။ 

အခြားပွဲစဉ်များ

ဘရန့်ဖို့ဒ် – ဝုလ်ဗ်

ဖူလ်ဟမ် – အဲဗာတန်

ခရစ္စတယ်လ်ပဲလေ့စ် – ဆောက်သမ်တန်