တော့တင်ဟမ်ကို ရပ်တန့်စေခဲ့တဲ့ ယူနိုက်တက်နဲ့ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်များ (ပွဲပြီးသုံးသပ်ချက်)

ကြားရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက်က တော့တင်ဟမ်ကို အနိုင်ယူပြီး ထိပ်ဆုံး ၄ သင်းမှာ ပါဝင်ရေး ရည်မှန်းချက်ကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်လည်း အခြေအနေ ပြန်ကောင်းလာပေမယ့် ဘရန့်ဖို့ဒ်ရဲ့ မာကျောတဲ့ တုံ့ပြန်မှုတွေကြောင့် ချဲလ်ဆီးရဲ့ နိုင်ပွဲဆက်မှုတွေကတော့ ရပ်တန့်သွားပါတယ်။ 

ဘရန့်ဖို့ဒ် ၀ – ၀ ချဲလ်ဆီး

ပုံစံကောင်းတွေ ရနေတဲ့ ချဲလ်ဆီး ခံစစ်နဲ့ ဂိုးသမား ကယ်ပါတို့က ၅ ပွဲဆက် ဂိုးမပေးအောင် စွမ်းဆောင်ပြခဲ့ပေမယ့် တိုက်စစ်ပိုင်းကတော့ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်က အပြန်အလှန် ကစားဖို့ ကြိုးစားပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ ချဲလ်ဆီးက ပိုပြီး အသာစီး ယူလာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ပွဲထွက် တိုက်စစ်သမား ၃ ယောက်ဖြစ်တဲ့ မောင့်၊ ဟာဗက်ဇ်နဲ့ ဘရိုဟာတို့ ဒီပွဲမှာ ရုန်းကန်ခဲ့ရတဲ့နောက် အူဘာမီယန်း၊ ပူလီဆစ်ချ်နဲ့ စတာလင်တို့ကို မန်နေဂျာ ပေါ့တားက လူစားလဲ ထည့်သွင်းလိုက်တဲ့အခါ ဘရန့်ဖို့ဒ် ခံစစ်ကြောင်း ပိုပြီး ပြိုလဲလာခဲ့ပါတယ်။ ချဲလ်ဆီး တိုက်စစ်ဟာ တစ်ဦးချင်း ထိုးဖောက်ပုံတွေ ကောင်းမွန်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လွဲချော်နေခဲ့တာကြောင့် သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပြီး အခုဆို အဆင့် ၄ နေရာ ရပ်တည်မှုကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခြိမ်းခြောက်လာမှုနဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။ 

လီဗာပူးလ် ၁ – ၀ ဝက်စ်ဟမ်းယူနိုက်တက်

ခြေစွမ်း ကျဆင်းလို့ ဝေဖန်မှုတွေ ကြုံနေရတဲ့ အလက်ဇန္ဒားအာနိုးလ် တစ်ယောက် လီဗာပူးလ် ညာခြမ်းခံစစ်မှာ ပြန်လည် ပါဝင်လာခဲ့ပြီး ပေးဂိုးမရှိ Clean Sheet ပွဲစဉ် တစ်ခု ပိုင်ဆိုင်နိုင်အောင် အသင်းကို ကူညီပေးခဲ့ပါတယ်။ အန်းဖီးလ်ကွင်းမှာ မယ်မယ်ရရ မျှော်လင့်စရာ သိပ်မရှိတဲ့ ဝက်စ်ဟမ်းဟာ ခံစစ်ကို ဦးစားပေး ပြင်ဆင်ပြီး လီဗာပူးလ်ဆီက အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် အကောင်းဆုံး အခွင့်အရေးအဖြစ် ရခဲ့တဲ့ ပင်နယ်တီကိုလည်း အသုံးမချနိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ ရှုံးပွဲ တွေ့ခဲ့ရတာပါ။ လီဗာပူးလ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၂၁ မိနစ်မှာ ဘယ်တောင်ပံက ဆီမီကက်စ်ရဲ့ ဖြတ်ပို့မှုကနေတဆင့် တိုက်စစ်မှူး နူနက်ဇ်က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ နူးနက်ဇ်က ခြေစွမ်းပြနိုင်ခဲ့သလို သူ့ရဲ့ ကောင်းမွန်တဲ့ အားထုတ်မှုတွေက ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယန်စကီး ကာကွယ်သွားတာ၊ တိုင်ထိထွက်သွားတာတွေကြောင့် နောက်ထပ် ဂိုးမရတော့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ လီဗာပူးလ် ခံစစ်မှူး ဂိုမက်ဇ်ရဲ့ ကစားပုံ ကြမ်းတမ်းမှုကြောင့် ဝက်စ်ဟမ်းအသင်း ပင်နယ်တီ ရခဲ့ပါတယ်။ တိုက်စစ်မှူး ဘိုဝမ်ရဲ့ ပင်နယ်တီ ကန်ချက်ကို ဂိုးသမား အလီဆန် လက်စွမ်းပြ ပုတ်ထုတ်သွားတာကြောင့် လီဗာပူးလ်တို့ သက်သာရာ ရခဲ့ပြီး ​ဝက်စ်ဟမ်းကတော့ လက်ဗလာနဲ့ အိမ်ပြန်ရဖို့ လုံလောက်သွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်းရဲ့ ချေပဂိုး သွင်းနိုင်လုနီးပါး အခွင့်အရေးကိုလည်း လီဗာပူးလ် ဂိုးသမား အလီဆန်ကပဲ တားဆီးသွားခဲ့ပြီး အိမ်ရှင်တို့ အမှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။ 

မန်ချက်စတာ ယူနိုက်တက် ၂ – ၀ တော့တင်ဟမ် ဟော့စပါး

တော့တင်ဟမ်ဟာ ဒီပွဲနိုင်ခဲ့ရင် အမှတ်ပေးဇယား ဒုတိယ နေရာထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ် ရောက်ရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာဟောင်းကို မချိုးဖျက်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ကတော့ နယူးကာဆယ်နဲ့ပွဲမှာ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် သရေကျခဲ့တဲ့ အမှားကို လက်တွေ့ပြင်ဆင်ဖို့ ကြိုးစားလာခဲ့ပုံ ရပါတယ်။ ကိန်းနဲ့ ဆွန်တို့ တွဲပြီး ပွဲထွက်လာတဲ့ တော့တင်ဟမ် တိုက်စစ်ဟာ ယူနိုက်တက်ကို များများစားစား မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ရော်နယ်လ်ဒိုအစား ရက်ရှ်ဖို့ဒ် ဦးဆောင်လာတဲ့ ယူနိုက်တက် တိုက်စစ်ဟာ ကစားပုံ ပိုသွက်နေခဲ့ပြီး ပထမပိုင်း ကတည်းက အန်တိုနီ၊ ရက်ရှ်ဖို့ဒ်၊ ကက်စ်မဲရိုးတို့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေက ကံခေလွန်းလို့သာ ဂိုးမရခဲ့တာပါ။ ဒုတိယပိုင်း ပြန်စစချင်းမှာလည်း ယူနိုက်တက်ရဲ့ ဆက်တိုက် ဖိအားပေးမှုတွေကြောင့် တော့တင်ဟမ်ရဲ့ ဘောလုံး ပိုင်ဆိုင်မှု ဆုံးရှုံးသွားရာက အိမ်ရှင်အသင်း တိုက်စစ်ပြန်စလာပြီး ဆန်ချို ပေးပို့တဲ့ ဘောလုံးကို ဖရက်ဒ်က ဦးဆောင်ဂိုး စသွင်းခဲ့ပါတယ်။ ဖရက်ဒ်ရဲ့ ကန်ချက်က အားသိပ်မပါပေမယ့် တော့တင်ဟမ် ခံစစ်မှူးနဲ့ ထိမိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားတာကြောင့် ဂိုးသမား လောရစ် ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ၆၈ မိနစ်မှာ ဖရက်ဒ်ရဲ့ ဖြတ်ကျော်ဖို့ ကြိုးစားမှုကို တော့တင်ဟမ် ခံစစ်သမား ဒီရာက တားဆီးနိုင်ခဲ့ပေမယ့် လျှံကျလာတဲ့ ဘောလုံးကို ဖာနန်ဒက်စ်က မနားတမ်း ကန်သွင်းပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူခဲ့ပါတယ်။ 

အခြားပွဲစဉ် ရလဒ်များ

ဘရိုက်တန် ၀ – ၀ နော်တင်ဟမ်ဖောရက်စ်

ခရစ္စတယ်လ်ပဲလေ့စ် ၂ – ၁ ဝုလ်ဗ်

ဘွန်းမောက်သ် ၀ – ၁ ဆောက်သမ်တန်

နယူးကာဆယ် ၁ – ၀ အဲဗာတန်