ယူကရိန်းက သိမ်းပိုက်နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာချက် ပူတင်ထုတ်ပြန် 

ယူကရိန်းက သိမ်းပိုက် နယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်တွေ ထုတ်ပြန်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ကြေညာလိုက်ပါတယ်။ 

တရားမဝင်တဲ့၊ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ နည်းလမ်းတွေနဲ့ ယူကရိန်း နယ်မြေ ၄ ခုကို ရုရှားက ပိုင်နက်အဖြစ် သိမ်းပိုက်ထားခဲ့ပြီး အခုအခါ အဲဒီနယ်မြေတွေမှာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်လိုက်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ ပူတင်ရဲ့ အမိန့်ဟာ အဲဒီနယ်မြေတွေမှာ ပိုမိုဖိနှိပ်တဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ် ထိန်းချုပ်တော့မယ့် အဓိပ္ပါယ်လို့လည်း ယူဆနိုင်ပါတယ်။ 

စစ်အုပ်ချုပ်ရေး သတ်မှတ်မှု အသေးစိတ် အခြေအနေတွေကို ရုရှား အစိုးရက မကြေညာပေမယ့် ဒေသတွင်းမှာ လူစုလူဝေး ပြုလုပ်ခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေ တားမြစ်ခံရမယ့် အနေအထား ရှိနေပြီး နယ်စပ်တွေမှာလည်း အစစ်အဆေး ပိုကြမ်းလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားဟာ လူထုအပေါ် ဖိနှိပ်ခြင်းဆိုတဲ့ တစ်ခုတည်းသော လက်ကျန် နည်းလမ်းကိုသာ တစိုက်မတ်မတ် သုံးစွဲနေရပြီလို့ ဝေဖန်ပါတယ်။ ပူတင်က ယူကရိန်းပိုင် ဒွန်းညက်စ်၊ ခါဆွန်၊ လူဟန့်စ်ခ်နဲ့ ဇာပေါ်ရစ်ဇီရာ ဒေသတွေက ရုရှားခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း အရေးပေါ် လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးခဲ့ပါတယ်။ 

ဒီအတောအတွင်း ခါဆွန်မှာရှိတဲ့ ရုရှားနိုင်ငံသားတွေဟာ ဒေသကို စတင် စွန့်ခွာနေပြီလို့လည်း သိရပါတယ်။ ဒါဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ဆက်တိုက် အောင်မြင်နေပြီး ခါဆွန်က ရုရှားထိန်းချုပ် နယ်မြေတွေဆီ ဆက်တိုက် ထိုးဖောက်လာနေတာကြောင့်လည်း ဖြစ်ပါတယ်။ ရုရှား အာဏာပိုင်တွေက ခါဆွန်မှာ နေထိုင်သူ ၅ သောင်း၊ ၆ သောင်းလောက်ကို ကြိုတင် သတ်မှတ်ထားတဲ့ နေရာတွေဆီ အစောင့်အရှောက်နဲ့ လိုက်လံ ကူညီ ပို့ဆောင်ပေးသွားမယ်လို့ ကြေညာထားပါတယ်။