ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားသော တရုတ်ကြေးနီစီမံကိန်းများ 

အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပေါ်ပေါက်လာတဲ့ ဒေသကာကွယ်ရေးတပ်တွေ အားကောင်းရာ မြန်မာနိုင်ငံ အလယ်ပိုင်း ၊ စစ်ကိုင်းတိုင်းက မြို့နယ်(၃၇)မြို့နယ်မှာ တနှစ်ခွဲကျော် ကာလအတွင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(၃)မြို့နယ်ကလွဲပြီး ကျန်မြို့နယ်အားလုံးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ PDF တွေအကြား ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တရုတ်စီမံကိန်းကြီး တွေလည်း ရပ်တန့်သွားပါတယ် ။အဲဒီလို ရပ်တန့်သွားတဲ့ အထဲမှာ တရုတ်နဲ့ မြန်မာစစ်တပ်ပိုင်ကုမ္မဏီတို့ ဖက်စပ် လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းကြီးတွေလည်း ပါဝင်ပါတယ် ။ ဒီစီမံကိန်းကြီးတွေကို လည်ပတ်လို့ မရအောင် ဒေသခံ PDF တွေက နည်းမျိုးစုံနဲ့ ထိန်းချုပ်လာနေတာကိုလည်း တွေ့ရပါတယ် ။

စစ်အာဏာသိမ်းကာလ တနှစ်ခွဲကျော်အတွင်း လက်နက်ကိုင် အဖွဲ့ပေါင်းစုံနဲ့ စစ်တပ်တို့အကြား တိုက်ပွဲပေါင်း (၆၆၀၀) ကျော် ဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာ နှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP-Myanmar ရဲ့ ၂၀၂၀ ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့က ထုတ်ပြန်တဲ့ မှတ်တမ်းမှာ ဖေါ်ပြထားပါတယ် ။ နိုင်ငံတဝန်း တိုက်ပွဲတွေရဲ့ (၁၀%)ကျော် ၊ တိုက်ပွဲပေါင်း ၆၄၀ ကျော်ဟာ စစ်ကိုင်းတိုင်း အတွင်းမှာ ဖြစ်ခဲ့တာပါ ။

အာရှတိုက်ရဲ့ အကြီးဆုံး ကြေးနီသတ္တုသိုက် စီမံကိန်းတွေ ဖြစ်တဲ့ လက်ပံတောင်းတောင် ၊ စံပယ်တောင် ၊ ကြေးစင် တောင် ကြေးနီစီမံကိန်းတွေဟာ စစ်ကိုင်းတိုင်း အတွင်းမှာ တည်ရှိပါတယ် ။ ကြေးနီစီမံကိန်းတွေကို ကာကွယ်ဖို့ စစ်တပ်က ပြင်ဆင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ် ။ မှတ်တမ်းတွေအရ လက်ပံတောင်းကြေးနီစီမံကိန်း ဝန်းကျင်မှာ (၅) ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့တာပါ ။

ကြေးနီစီမံကိန်းကြီးတွေကို တရုတ်စစ်တပ် ကျောထောက်နောက်ခံရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီတို့ဟာ မြန်မာစစ်တပ်အရာရှိကြီးတွေ ချုပ်ကိုင်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ ကြေးနီစီမံကိန်းကြီးတွေရှိရာ ဆားလင်းကြီးမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ ယင်းမာပင်မြို့နယ် ၊ ပုလဲမြို့နယ်တို့ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ပထမဆုံး လက်နက်ကိုင်စွဲ တော်လှန်ခဲ့တဲ့ ဒေသတွေ ဖြစ်ပါတယ် ။ ကြေးနီစီမံကိန်းကြီးတွေနဲ့ ချင်းတွင်းမြစ်ခြားပြီး တည်ရှိနေတာကတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ မုံရွာမြို့ ဖြစ်ပါတယ် ။ အဲဒီမုံရွာမြို့ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က တော်လှန်ရေး အဖွဲ့တွေကို ကြည်း၊ရေ၊လေ ထိုးစစ်ပေါင်းစုံ သုံးပြီး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ် ။

စစ်ဒေသတိုင်းမှူး ရုံးထိုင်တဲ့ မုံရွာဒေသမှာလည်း စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ တိုက်ပွဲ(၂၈)ကြိမ် ထက်မနည်း ဖြစ်ထားတယ်လို့ ISP Myanmar မှတ်တမ်းက ဖေါ်ပြပါတယ်။ စစ်အာဏာမသိမ်းခင်ကတည်းက ကြေးနီစီမံကိန်းတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုကို ထိန်းချုပ်နိုင်ဖို့ စီမံကိန်းအနီး မုံရွာ-ပုသိမ်လမ်းပေါ်က အုံတုံပင်ကျေးရွာ အနီးမှာ ပြည်ထဲရေးဝန်ကြီးဌာန အစီအမံနဲ့ ရဲတပ်ရင်း (၂၈)ကို အခိုင်အမာ တည်ဆောက်ထားခဲ့ တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ရဲတပ်ရင်း (၂၈) နဲ့ တရုတ်ဝမ်ပေါင် ကုမ္မဏီအတွင်း ခြေကုပ်ယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို လွယ်လွယ်ကူကူ တိုက်ခိုက် မရအောင် ဟန့်တားနေတဲ့ ခံတပ်တွေလို့ တော်လှန်ရေးအဖွဲ့တွေက ရှု့မြင်ထားကြပါတယ်။

အာဏာသိမ်းပြီးစ တနှစ်နီးပါးအချိန်အထိ တရုတ်ကြေးနီစီမံကိန်းတွေဟာ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ အဓိက ပစ်မှတ်အနေနဲ့ ကံကောင်းထောက်မစွာပဲ ရှိမနေခဲ့ပါဘူး။၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁)ရက်နေ့ စစ်တပ် အာဏာသိမ်း ပြီး နောက်တရက်မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက စစ်အာဏာသိမ်းမှုနဲ့ အရပ်သား ခေါင်းဆောင်တွေကို ဖမ်းဆီးထားခြင်းအတွက် တပ်မတော်ကို ရှုတ်ချဖို့ ဆွေးနွေးရာမှာ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ ပါတယ် ။ဒါ့အပြင် ပြည်တွင်းဆက်သွယ်ရေး ဖုန်းလိုင်းတွေကို စစ်တပ်က ကြားဖြတ်နားထောင်ပြီး ဖြတ်တောက် ထိန်းချုပ်ဖို့ Great Firewall တည်ဆောက်ရာမှာ တရုတ်က နည်းပညာကျွမ်းကျင် ဝန်ထမ်းတွေကို ပို့ဆောင်တယ် ဆိုတဲ့သတင်းတွေကြောင့် လက်ပံတောင် ၊ စံပယ်တောင် ၊ ကြေးစင်တောင်တွေက မြန်မာလုပ်သား ထောင်ချီဟာ လုပ်ငန်းခွင်မဝင်တော့ပဲ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာပါ ။အဲဒီကတည်းက ကြေးနီစီမံကိန်းဟာ ထုတ်လုပ်မှု တပိုင်းတစ ရပ်တန့်သွားခဲ့ပြီး တရုတ်ဝန်ထမ်းအချို့လည်း လုံခြုံရေးကြောင့် မြန်မာပြည်က ထွက်ခွာသွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ် ။

လွန်ခဲ့တဲ့ (၁၀)စုနှစ်ကာလအတွင်း ကြေးနီစီမံကိန်းအတွက် ဒေသလူထုရဲ့ စိုက်ပျိုးမြေယာ ဧကထောင်ချီနဲ့ ကျေးရွာ အချို့ကို အတင်းအဓမ္မ ပြောင်းရွှေ့သိမ်းယူပြီးကတည်းက တရုတ်ကုမ္ပဏီတွေအပေါ် ကျေးရွာလူထုတွေက အဆက်မပြတ် ဆန်ကျင်ဆန္ဒပြခဲ့ကြတာပါ ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်အပေါ် တရုတ်နိုင်ငံက အားပေးထောက်ခံတယ်လို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြီးနောက် အဲဒီဒေသမှာ တငွေ့ငွေ့ လောင်နေတဲ့ တရုတ်ဆန့်ကျင်ရေး မီးစဟာ မီးတောက်ကြီးအဖြစ် တဖန်ပြန်လည် တောက်လောင်ခဲ့တာ ဖြစ်ပါတယ် ။ စံပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းကို အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၁၉၉၈ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္ပဏီတို့ ပူးပေါင်းပြီး အမြတ်ငွေ တဝက်စီယူတဲ့စနစ်နဲ့ စတင်တူးဖေါ်ခဲ့တာပါ ။

၂၀၁၀ ခုနှစ်မှာတော့ စစ်တပ်ရဲ့ မြန်မာစီးပွားရေး ဦးပိုင်လီမိတက် (Myanmar Economic Holdings Limited – MEHL) နဲ့ တရုတ်နိုင်ငံ ယန်စီကုမ္ပဏီတို့က လွှဲပြောင်းယူခဲ့ပြီး ဒေါ်လာ(၃၉၆)သန်းကျော် ရင်းနှီးပြီး မြန်မာ-ယန်စီကော့ပါးလီမိတက်(Myanmar Yang Tse Copper Limited-MYTCL) အမည်နဲ့ ကြေးနီဆက်ထုတ်ခဲ့ပါတယ် ။ အဲဒီစီမံကိန်းအတွက် ဒေသကျေးရွာ (၁၀)ရွာရဲ့ လယ်ယာမြေ (၆၂၅၃)ဧကကို သိမ်းယူခဲ့ပါတယ်။ စံပယ်တောင် ၊ ကြေးစင်တောင်နဲ့ (၈)မိုင်ခန့်ကွာဝေးတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုတော့ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း နိုရင်ကို(Norinco)ကုမ္ပဏီလက်ခွဲ ဝမ်ပေါင်ကုမ္ပဏီ(Wanbo Mining Limited ) တို့က ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေမှု စနစ် (Production Sharing Contract- PSC) နဲ့ ဒေါ်လာ (၉၉၇)သန်း ရင်းနှီးမြှပ်နှံကာ နှစ်(၆၀) ကြေးနီထုတ်ဖို့ ပြင်ဆင်ခဲ့တာပါ ။ ဒီစီမံကိန်းအတွက် ဒေသခံကျေးရွာ (၂၆)ရွာက မှီခိုလုပ်ကိုင် စားသောက်နေတဲ့ လယ်ယာမြေ (၇၈၆၇)ဧကကျော်ကို ဒေသပေါက်ဈေးထက် ဈေးလျှော့လျော်ကြေးပေးပြီး သိမ်းခဲ့တာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံဒီမိုကရေစီစနစ် ကူးပြောင်းပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၂၁ ခုနှစ်မှာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းဖွင့် ဆန္ဒပြတဲ့ ဒေသသံဃာတော်တွေနဲ့ ကျေးရွာလူထုကို ရဲတပ်ဖွဲ့က ဖော့ဖရိတ်ဓါတ်ပါတဲ့ မီးခိုးဗုံးနဲ့ ဖြိုခွင်းရာမှာ သံဃာ အပါးတရာ နီးပါးနဲ့ လူ (၁၀)ဦး မီးလောင် ဒဏ်ရာရခဲ့ပါတယ် ။ ဒီအတွက်ကြောင့် ကြေးနီစီမံကိန်း ဆက်လက် လုပ်ကိုင်ဖို့ သင့်၊မသင့်ကို အဲဒီအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အဖြစ် ထားပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာက တရုတ်ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ကုမ္ပဏီက ဒေသခံလူငယ် တွေကို အလုပ်အကိုင် ပေးဖို့ ၊ လယ်ယာမြေလျော်ကြေး ပိုတိုးပေးဖို့ ၊ မြေယာတွေအစားထိုးပေးဖို့နဲ့ စီမံကိန်းရဲ့ အမြတ်ငွေကို ကုမ္ပဏီတွေထက် နိုင်ငံတော်အစိုးရက ပိုမိုရရှိစေဖို့ ပြင်ဆင်ချုပ်ဆို စေခဲ့ပါတယ် ။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်ခေါင်းဆောင်တွေဆီကို နိုင်ငံတော်ရဲ့ ဘဏ္ဍာနဲ့ စစ်တပ် ကျောထောက်နောက်ခံ ကုမ္ပဏီတွေဆီ အခွန်ငွေတွေ မစီးဆင်းစေရေးကို လူထုက အပြင်းအထန် ကြိုးစားလာကြ ပါတယ် ။ လက်ပံတောင်းကြေးနီစီမံကိန်းက ထွက်တဲ့ ကြေးနီတွေဟာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တခုတည်းမှာပဲ တန်ချိန်(၄၃၅၇၄)တန် ရှိနေပါတယ် ။ ဝမ်ပေါင်ကုမ္ပဏီရဲ့ မူလရည်မှန်းချက်က ကြေးနီတန်ချိန် တနှစ်ကို တသိန်းထုတ်လုပ်ဖို့ပါ ။

စံပယ်တောင် ၊ ကြေးစင်တောင် စီမံကိန်းကတော့ တနှစ်တန်ချိန် (၃၉၀၀၀) ထွက်ဖို့ လျှာထားချက်ရှိနေပါတယ်။ ကမ္ဘာ့ကြေးနီပေါက်ဈေးမှာ ကြေးနီတန်ချိန် တသောင်းကို အမေရိကန်ဒေါ်လာ (၇၃)သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ် ။ ဩစတေးလျှ အခြေစိုက် Publish What You Pay အဖွဲ့ရဲ့ အစီရင်ခံစာမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတါင်း မြန်မာပြည်ကြေးနီစီမံကိန်းတွေကနေ စစ်ကောင်စီက အကျိုးအမြတ်ဝေစု ဒေါ်လာ သန်း(၆၀၀)ကျော် ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ် ။ စစ်ရေးစုဖွဲ့မှုနဲ့ တိုက်ခိုက်ရေးလက်နက် အတန်အသင့် ရရှိလာတဲ့ ဒေသကာကွယ်ရေး တပ်တွေဟာ စစ်တပ်ရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ ကြေးနီစီမံကိန်းတွေကို ထိန်းချုပ်ဖို့ အမျိုးသား ညီညွှတ်ရေးအစိုးရ NUG အပေါ် တရုတ်အစိုးရ အာရုံစိုက်ဖို့ တရုတ်ကုမ္ပဏီတွေကို ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းကစပြီး ရာဇသံပေးမှုတွေ လုပ်ဆောင်လာပါတော့တယ် ။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်အစိုးရနဲ့ တိုက်ရိုက်ဆက်ဆံနိုင်ရေး အကြိမ်ကြိမ် စာပို့ ဖူးသော်လည်း ဘေးကျင်းက တိုက်ရိုက်အကြောင်းပြန်ခြင်း မလုပ်ပဲ ၊ ရန်ကုန်တရုတ်သံရုံးကသာ NUG ကိုဆက်ဆံမှု ပြုလုပ်ခဲ့ခြင်းဟာ တော်လှန်ရေးအဖွဲ့တွေ ဘဝင်မကျစရာ အချက် ဖြစ်စေခဲ့ပါတယ် ။ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ဒေသကာကွယ်ရေးတပ်တွေ ပထမဆုံး တိုက်ခိုက်မှုက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက် ဖြစ်ပါတယ် ။ မုံရွာနဲ့ ညောင်ပင်ကြီး ကျေးရွာတွေဘက်ကို စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ အသင့်ချိန်ထားနိုင်ဖို့ တရုတ်ကြေးနီ ကုမ္ပဏီက နေရာပေးခဲ့တယ်ဆိုတဲ့ သတင်းအရ ကုမ္ပဏီဝန်းအတွင်းကို ရှော့တိုက်ဒုံးလက်နက်နဲ့ ပစ်ခတ်သတိပေး ခဲ့တာ ဖြစ်ပါတယ် ။

ဒေသတွင်း အာစီယံနိုင်ငံတွေကပင် ဖယ်ကျဉ်ထားတဲ့ စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံကို တရားဝင်ဖိတ်ခေါ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လက်ခံတွေ့ဆုံခဲ့ပြီး နောက်မှာတော့ ဒေသကာကွယ်ရေးတပ်(၁၆)ဖွဲ့က ကြေးနီစီမံကိန်းအတွင်းက ဝန်ထမ်းအားလုံး မေလ(၅)နေ့ နောက်ဆုံးထား CDM ဝင်ဖို့ ၊ ကြေးနီစီမံကိန်း လည်ပတ်နေတာကို လုံးဝရပ်ဆိုင်းဖို့ အသိပေးစာထုတ်ခဲ့ပါတယ် ။

မုံရွာမြို့နဲ့ မိုင်(၈၀)ကျော် ကွာဝေးတဲ့ မန္တလေးမြို့မှာလည်း တရုတ်နိုင်ငံအလံကို မီးရှို့ ဆန္ဒပြတဲ့ အထိ တရုတ်ဆန့်ကျင်ရေးတွေ ပြန်လည်ပြင်းထန်လာခဲ့ပါတယ် ။ လက်ပံတောင်းစီမံကိန်းအနီး ကျေးရွာလူထုကလည်း ဧပြီ (၂၈)မှာ တရုတ်အစိုးရကို မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဖို့ ၊ ဖက်ဆစ်ရာဇဝတ်ကောင်တွေကို ထောက်ခံပံ့ပိုးနေတာ ရပ်ဖို့ China:Respect Myanmar People’s Voice, Stop Supporting Fascist Criminals စာတမ်းကို ကိုင်ပြီးဆန္ဒပြခဲ့ကြပါတယ် ။  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ စစ်ကောင်စီကို တရုတ်က ယွမ်ငွေ သန်း(၆၅၀) ထောက်ပံ့မယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ကတိပေးလိုက်ချိန်မှာတော့ တရုတ်စီမံကိန်းတွေအပေါ် ဒေသကာကွယ်ရေးတပ်တွေက အဓိက ပစ်မှတ်အဖြစ် တိုက်ခိုက်လာတာပါ ။ မြန်မာအရပ်ဖက် အဖွဲ့ (၅၅၈) ဖွဲ့ကလည်း တရုတ်အနေနဲ့ စစ်ကောင်စီကို ဆက်လက် ပူးပေါင်းမယ်ဆိုရင် PDFတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ သမ္မတရှီကျင့်ဖျင်ကို ဧပြီ(၂၅)ရက်က အိတ်ဖွင့်ပေးစာ ပေးဖို့ခဲ့ပါတယ် ။

မေလ(၄)ရက်နေ့မှာတော့ ကြေးနီစီမံကိန်းကို လုံခြုံရေး ယူပေးထားတဲ့ စစ်တပ်ကို ချင်းတွင်းရိုးမတပ်ပေါင်းစု ၊ ဆားလင်းကြီး တော်လှန်ရေးတပ်တွေက (၆၀)မမ ၊ (၁၂၀) မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ။ ဒါ့အပြင် မုံရွာ-ပုသိမ်လမ်းနဲ့ မုံရွာ-ညောင်ပင်ကြီးလမ်းတွေမှာ ကြေးနီပြားတွေ သယ်ဆောင် ရွှေ့ပြောင်းနေတဲ့ ကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ် ။ အတည်ပြုချက် မရသေးတဲ့ သတင်းတွေအရ ဝမ်ပေါင်ကုမ္ပဏီက ထုတ်လုပ်ပြီးသား ကြေးနီပြားတွေကို မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲ သိမ်းဆည်းနိုင်ဖို့ ရွှေ့ပြောင်းတာလို့ ဒေသခံတွေက ယူဆနေကြတာပါ ။

တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဝမ်ပေါင်ကုမ္ပဏီကို ပို့လွှတ်တဲ့ လျှပ်စစ်တာဝါတိုင် ပျက်စီး ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ တရုတ်ကုမ္ပဏီဘက်က ထူးထူးခြားခြားပဲ သဘောထား ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လာခဲ့ပါတယ် ။ ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ စီမံကိန်းကို (၁၆)လကြာ ရပ်ဆိုင်းထားပြီး မြန်မာဝန်ထမ်းတွေကို လစာပေးထားကြောင်း ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကိုသာ လုပ်ဆောင်နေကြောင်း ၊ ၎င်းတို့ ဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး နှင့် အသက်ရှင်နေထိုင်ခွင့်ကို အလေးထားစေလိုကြောင်း ၊ ကုမ္ပဏီအနေနဲ့ ပဋိပက္ခအတွင်း ပါဝင်ခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

အဲဒီနောက် ဇွန်လ(၂၁) ရက်နေ့မှာ လက်ပံတောင်းစီမံကိန်းဝန်းကျင် ကျေးရွာတွေမှာ PDF တွေ ခိုအောင်း နေတယ်ဆိုပြီး စစ်တပ်က အင်အား (၁၀၀) ကျော် နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ် ။ ဒေသခံ ကျေးရွာ(၄၀) ကျော်က လူပေါင်း ၅ သောင်းနီးပါး စစ်ဘေးရှောင်ရပြီး အိမ်ခြေ (၁၅၀)ကျော် ၊ မီးရှို့ခံရကာ ၊ ရွာသား (၂၀)ဦး သတ်ဖြတ်ခံရ တယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ် ။ စစ်တပ် ဆုတ်ခွာပြီးနောက် ဒေသကာကွယ်ရေးတပ်တွေ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရာမှာ စစ်တပ်က ထောင်ထားတဲ့ နင်းမိုင်း အလုံး(၇၀)ကျော်ကို တွေ့ရတယ်လို့ ဆိုပါ တယ် ။ ဒေသခံတွေ သွေးမြေကျပြီးနောက်မှာ တရုတ်ကြေးနီစီမံကိန်းတွေ ဆက်လက်မလည်ပတ်ရေးကို ကာကွယ်ရေး တပ်တွေက ပိုမိုစောင့်ကြည့် ထိန်းချုပ်လာပါတယ် ။

ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက တရုတ်ကြေးနီစီမံကိန်းကြီးတွေကို စစ်တပ်လုံခြုံရေးချ လည်ပတ်ဖို့ဆိုတာ လက်ရှိအချိန်မှာ ဖြစ်နိုင်ဖွယ် မရှိတော့ပါဘူး ။ အင်အားတောင့်တင်းလာတဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ စီမံကိန်းနဲ့ စီမံကိန်းတည်ရှိရာ လမ်းတလျှောက်ကို ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ (၃)လအတွင်း ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။စစ်တပ်အနေနဲ့ စီမံကိန်းနယ်မြေက ကျေးရွာတွေကို ရှာဖွေမွှေနှောက် မီးရှို့ပြီး PDF စခန်းငယ်တွေကိုသာ ဖျက်ဆီးနိုင်တာကလွဲပြီး နယ်မြေမှာ အထိုင်ချတပ်စွဲထားတဲ့ အခြေအနေ မရှိထားပါဘူး။ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုကို ရက်စွဲအလိုက် မှတ်တမ်းတင်နေတဲ့ ISP Myanmar ရဲ့ မှတ်တမ်းအရ မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေရဲ့ အန္တာရယ်ကင်းရှင်းရေး နဲ့ လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးတခုကို ၂၀၂၁ ၊ ဖေဖေါ်ဝါရီ(၂၃)ရက် ကတည်းက တရုတ်က ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ လုံခြုံရေးရာဌာနညွှန်ကြားရေးမှူး Bai Tian ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချိန်းဟိုင် ၊ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံး က သံမှူး ချန်းချန်းတို ပါဝင်တယ်လို့ ဆိုပါတယ် ။ အစည်းအဝေးမှာ တရုတ်စီမံကိန်းတွေကို လုံခြုံရေး တိုးမြှင့်ပေးဖို့ စစ်ကောင်စီထံ တောင်းဆိုခဲ့တာပါ ။ လက်ရှိမှာတော့ ကြေးနီစီံမံကိန်းတွေမှာ စစ်တပ်က လုံလုံလောက်လောက် လုံခြုံရေး ချပေးနိုင်တာ မရှိပါဘူး ။ ဒေသကာကွယ်ရေးတပ်တွေရဲ့ လိုရင်းကလည်း ကြေးနီစီမံကိန်းတွေက အမြတ်ခွဲတမ်းငွေ စစ်ကောင်စီမရရှိစေဖို့နဲ့ စီမံကိန်းပြန်လည် မလည်ပတ်နိုင်ရေးပါပဲ ။

စစ်ကိုင်းတိုင်းက တရုတ်ကြေးနီ စီမံကိန်းတွေရဲ့ အနာဂါတ်ဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ လက်ထဲမှာပဲ ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

Delta News

Read Previous

မီလန်မြို့က ဓားထိုးမှုမှာ အာဆင်နယ် ကစားသမား ဒဏ်ရာရ  

Read Next

အသင်းကြီးအများစု ပွဲချောင်မယ့် ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်