ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကလုန်းကြောင့် လူနှစ်ဒါဇင်ထက်မနည်း သေဆုံး 

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၂ ဒါဇင်ထက်မနည်း သေဆုံးပြီး အိမ်ခြေ အဆောက်အအုံ သောင်းဂဏန်းလောက် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း ဆစ်ရန်ဟာ အောက်တိုဘာ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို ကုန်းတွင်း ဝင်ရောက်ခဲ့တဲ့နောက် အပူပိုင်း လေဖိအားနည်း ရပ်ဝန်း အဆင့်ထိ ပြန်လည် အားလျော့သွားပါတယ်။ ဒါပေမဲ့ မုန်တိုင်း ဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ ကာလမှာတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသတွေမှာ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ 

အစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ အချိန်ထိ မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့ အသေအပျောက် ၂၄ ဦး အတည်ပြုထားပြီး ဖြစ်ကြောင်း သိရပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က စိုက်ခင်း ဧက ၁၅၀၀၀ လောက် ပျက်စီးသွားပြီး ကမ်းခြေတလျှောက်က ငါးဖမ်း ပရောဂျက်တွေလည်း ပင်လယ်ထဲ မျောပါကုန်ပါတယ်။ လူပေါင်း ၈ သန်းလောက်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ အခြေအနေ ကြုံနေရကြောင်း သိရပါတယ်။

မုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတောင်ပိုင်းက ဘိုလာဒေသမှာ အားကောင်းတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်ခဲ့ပြီး အိမ်ခြေ ၁၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ရာသီဥတု အခြေအနေတွေကြောင့် လူပေါင်း ၂၀၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ 

ကူမီလာ ဒေသမှာတော့ အိမ်ပေါ်တည့်တည့် သစ်ပင်ကျိုးကျရာကနေ ၄ နှစ်သမီးလေး တစ်ဦးနဲ့ သူ့မိဘတွေ သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ သေဆုံးသူ အများစုဟာ သစ်ပင်ကျိုးတာ၊ အဆောက်အအုံ ပြိုကျတာတွေကနေ ပိမိကြလို့ဖြစ်ပြီး ရေနစ်သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ 

ဓာတ်အားလိုင်း သွယ်တန်းမှုတွေကို ပြန်လည် ပြင်ဆင်နေပြီ ဖြစ်ပေမယ့် အောက်တိုဘာ ၂၇ ရက်နေ့ထိ လျှပ်စစ်ဓာတ်အား ပုံမှန် ပြန်မရလောက်သေးဘူးလို့ အစိုးရက ဆိုပါတယ်။ မုန်တိုင်း မဝင်ရောက်ခင် ကတည်းက အစိုးရဟာ ပြည်တွင်း ရေကြောင်း ပြေးဆွဲမှု အားလုံးကို ဆိုင်းငံ့ထားစေပြီး လေဆိပ် ၃ ခုကိုတော့ ၂၁ နာရီကြာ ပိတ်ထားစေခဲ့ပါတယ်။ အခုတော့ လေဆိပ်တွေ ပြန်ဖွင့်ခွင့် ပေးလိုက်ပါပြီ။ 

လူဦးရေ သန်း ၁၆၀ ကျော် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ နှစ်တိုင်းလိုလို ဆိုင်ကလုန်း မုန်တိုင်းတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့လေ့ ရှိပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှတောင်ပိုင်း နိုင်ငံတွေဟာ သဘာဝ ဘေးအန္တရာယ်တွေကို ပိုပြီး ထူထူထပ်ထပ် ရင်ဆိုင်လာရနိုင်ကြောင်း သတိပေးထားပါတယ်။