ချဲလ်ဆီးနိုင်ပြီး လက်ရှိချန်ပီယံတွေ ရှုံးပွဲတွေ့သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ (ပွဲပြီး သုံးသပ်ချက်)

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ချန်ပီယံ ရီးရဲလ်က ရှုံးပွဲကြုံသွားခဲ့ပြီး ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ မန်ချက်စတာ စီးတီးကလည်း သရေရလဒ်သာ ပိုင်ဆိုင်ခဲ့ပါတယ်။ အုပ်စုအဖွင့် ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရဖူးတဲ့ ချဲလ်ဆီးကတော့ အုပ်စုဗိုလ် နေရာကို ခိုင်ခိုင်မာမာ ရယူသွားနိုင်ခဲ့ပါပြီ။ 

ဆဲလ်ဘက်ဂ် ၁ – ၂ ချဲလ်ဆီး

ဩစတြီးယား နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ချဲလ်ဆီးက အိမ်ရှင် ဆဲလ်ဘက်ဂ်ကို အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်ဖို့ သေချာစေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ချဲလ်ဆီးက ရှုံးပွဲတွေ့ပြီး အေစီမီလန်က အနိုင်ရခဲ့ရင်တောင် ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေအရ အီတလီ ချန်ပီယံ အသင်းဟာ အုပ်စု ဒုတိယ နေရာကိုသာ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးရဲ့ အဖွင့်ဂိုးကို ပွဲချိန် ၂၃ မိနစ်မှာ ကွင်းလယ်လူ ကိုဗာချစ်က ကန်သွင်းခဲ့ပါတယ်။ ဟာဗက်ဇ်ရဲ့ ဂိုးသွင်းဖို့ အားထုတ်မှုကို ဆဲလ်ဘက်ဂ် ခံစစ်က ပိတ်ဆို့ချိန်မှာ ဘောလုံးက ကိုဗာချစ်ဆီ ရောက်သွားပြီး ခရိုအေးရှား ကွင်းလယ်လူက ဘယ်ခြေနဲ့ ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ ဆဲလ်ဘက်ဂ်က ချေပဂိုး ပြန်သွင်းပါတယ်။ ဘယ်ခြမ်းက ဝိုဘာ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အဒါမူက အပိုင် ပိတ်သွင်းသွားခဲ့တာပါ။ ချဲလ်ဆီးအတွက် အုပ်စုဗိုလ် ဖြစ်စေမယ့် အနိုင်ဂိုးကိုတော့ ၆၃ မိနစ်မှာ ပူလီဆစ် ပေးပို့ရာကနေ ဟာဗက်ဇ်က လှပတဲ့ အဝေးကန်ချက်နဲ့ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဘိုရပ်ရှားဒေါ့တ်မန် ၀ – ၀ မန်ချက်စတာစီးတီး

အဓိက ကစားသမား တချို့ကို အနားပေးထားတဲ့ စီးတီးဟာ အဝေးကွင်းမှာ ဂျာမန်ကလပ် ဒေါ့တ်မန်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ စီးတီးအတွက်တော့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ၂ ပွဲဆက် သရေကျခဲ့တာ ဖြစ်ပေမယ့် နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်နိုင်ဖို့တော့ လုံလောက်ခဲ့ပါတယ်။ ဒီဘရိုင်းနဲ့ ဆေးလ်ဗား နှစ်ယောက်စလုံးကို အနားပေးပြီး ပွဲထွက်လာတဲ့ စီးတီး ကွင်းလယ်ဟာ အရင်ပွဲတွေလို ဖန်တီးမှုစွမ်းရည် ကောင်းကောင်း ထွက်မလာဘဲ ဒေါ့တ်မန်ရဲ့ အပြန်အလှန် ဖိအားပေးမှုတွေနဲ့ ကြုံခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ မာရက်ဇ်ရဲ့ ထိုးဖောက်မှုကို ဒေါ့တ်မန် ခံစစ်က အဖျက်ကြမ်းတာကြောင့် စီးတီး ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီ ပင်နယ်တီကို မာရက်ဇ်ကိုယ်တိုင် ကန်ပေမယ့် ဂိုးသမားက ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တော့တဲ့အတွက် ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးသွားပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ စီးတီးရှုံးပြီး ဒေါ့တ်မန် နိုင်ခဲ့ရင်တောင် ထိပ်တိုက် တွေ့ဆုံမှု ရလဒ်အရ အင်္ဂလန် ချန်ပီယံ အသင်းကပဲ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ရောက်မှာ ဖြစ်ပါတယ်။ 

လိုက်ပ်ဇစ် ၃ – ၂ ရီးရဲလ်မက်ဒရစ်

ဒီပွဲရလဒ်ကြောင့် ရီးရဲလ်ရဲ့ ရှုံးထွက်အဆင့် တက်ရောက်ရေး မျှော်လင့်ချက် မပွန်းပဲ့သွားပေမယ့် အုပ်စုဗိုလ် ဖြစ်ဖို့တော့ နောက်ဆုံးပွဲစဉ်မှာ ရုန်းကန်ရပါတော့မယ်။ ပွဲချိန် ၁၂ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ဆေးလ်ဗား ခေါင်းတိုက်တာကို ရီးရဲလ်ဂိုးသမား ကော်တွိုက်စ်က ပုတ်ထုတ်ပေမယ့် လိုက်ပ်ဇစ် နောက်ခံလူ ဂရာဗီဒေါလ်က အနီးကပ် ခေါင်းတိုက်ပြီး အဖွင့်ဂိုး စတင်ရရှိပါတယ်။ နောက်ထပ် ၅ မိနစ်လောက် အကြာမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကူကူက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ အသင်းအတွက် ဒုတိယဂိုးကို ရယူသွားပြန်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ညာခြမ်းက အဆန်စီယို ကန်တင်ပေးတာကို ရီးရဲလ် တောင်ပံတိုက်စစ်သမား ဗင်နီးရှပ်စ်က ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်သွင်းပါတယ်။ မိနစ် ၈၀ မှာ ညာတောင်ပံက ဆီမာကန် ဆွဲပြေးလာပြီး ချပေးတာကို လိုက်ပ်ဇစ် တိုက်စစ်မှူး ဗာနာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာကြောင့် အိမ်ရှင်တို့ တတိယဂိုး ရခဲ့ပါတယ်။ ရီးရဲလ်အတွက် ဒုတိယ ချေပဂိုးကိုတော့ လူငယ်တိုက်စစ်မှူး ရိုဒရီဂိုက ပွဲပြီးခါနီးမှာ သူ့ကြောင့်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ပဲ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ 

အခြားပွဲစဉ်ရလဒ်များ

ဆီဗီးလား ၃ – ၀ ကိုပင်ဟေဂင်

ဒိုင်နမို ဇာဂရက်ဘ် ၀ – ၄ အေစီမီလန်

ဆဲလ်တစ် ၁ – ၁ ရှက်ခ်တာဒိုးနက်စ်

ဘင်ဖီကာ ၄ – ၃ ဂျူဗင်းတပ်စ်

ပီအက်စ်ဂျီ ၇ – ၂ မက္ကာဘီဟိုင်ဖာ