စစ်ပြေး ဒုက္ခသည်တွေ ပြန်မလာကြသေးဖို့ ယူကရိန်း အစိုးရ မေတ္တာရပ်ခံ  

နွေဦးပေါက်ချိန်ထိ နေရပ် ပြန်မလာကြသေးဖို့ ယူကရိန်း စစ်ပြေး ဒုက္ခသည်တွေကို အစိုးရက မေတ္တာရပ်ခံခဲ့ပါတယ်။ 

ရုရှားနဲ့ စစ်ပွဲက အရှိန်မကျသေးသလို ရန်သူရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြည်တွင်းမှာ ဓာတ်အားလိုင်းတွေ မကြာခဏ ပြတ်တောက်နေတဲ့အတွက် အခုအချိန် စစ်ဘေးရှောင် ပြည်သူတွေ ပြန်လာရင် အခြေအနေတွေ ပိုခက်ခဲသွားနိုင်တယ်လို့ ဒုတိယ ဝန်ကြီးချုပ် အိုင်ရင်နာ ဗာရက်စ်ချုခ်က ပြောပါတယ်။ 

ရုရှားက ဘာတွေလုပ်နေတယ် ဆိုတာကို အားလုံးလည်း အမြင်ပဲဖြစ်ကြောင်း၊ တကယ်လို့ ယူကရိန်း နိုင်ငံသားတွေ အများကြီး ပြန်လာကြမယ်ဆိုရင် ပြည်တွင်း ဓာတ်အားပေး ကွန်ရက်တွေက တောင့်ခံနိုင်မှာ မဟုတ်ကြောင်း သူက ဆိုပါတယ်။ ယူကရိန်းဟာ လာမယ့် ဆောင်းရာသီကို ကြံ့ကြံ့ခံ ဖြတ်သန်းဖို့ လိုတယ်လို့လည်း ဗာရက်စ်ချုခ်က မှတ်ချက် ပေးခဲ့ပါတယ်။ 

ရုရှားစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ယူကရိန်း နိုင်ငံအနှံ့က ဓာတ်အားပေး စက်ရုံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမို အရှိန်မြှင့်လာပါတယ်။ အအေးဓာတ် အရမ်းပြင်းထန် ကြမ်းတမ်းတဲ့ ဥရောပ အရှေ့ပိုင်း ဆောင်းရာသီမှာ ဓာတ်အားလုံလုံလောက်လောက် မပို့လွှတ်နိုင်ရင် ယူကရိန်း ပြည်သူတွေအတွက် အကြီးအကျယ် အကျပ်ရိုက်လာနိုင်ပါတယ်။ 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ အခြေခံ အဆောက်အအုံ စုစုပေါင်း သုံးပုံတစ်ပုံလောက် ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ဖို့ ရုန်းကန်နေရဆဲလို့ ဝန်ခံခဲ့ပါတယ်။

 တကယ်လို့ ဆောင်းတွင်းမှာ စစ်ဘေးရှောင် ပြည်သူတွေ နိုင်ငံခြားကနေ ပြန်လာကြမယ်ဆိုရင် အခြေအနေတွေက ဆိုးသထက် ဆိုးသွားနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် လောလောဆယ် ပြန်မလာကြဖို့ မေတ္တာရပ်ခံလိုကြောင်း ဗာရက်စ်ချုခ်က ဆိုပါတယ်။ 

ယူကရိန်းနိုင်ငံရဲ့ စီးပွားရေးဟာ စစ်ပွဲစတင်ချိန် ကတည်းက ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး သမ္မတ ဇီလန်စကီးက လာမယ့်နှစ်မှာ နိုင်ငံစီးပွားရေးကို အဖတ်ဆယ်နိုင်အောင် ဒေါ်လာ ၃၈ ဘီလီယံလောက် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးဖို့ နိုင်ငံတကာ အစိုးရတွေကို မေတ္တာရပ်ခံထားပါတယ်။ 

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ယူကရိန်းဟာ လာမယ့်နှစ်ထိ တောင့်ခံဖို့အတွက် တစ်လကို ဒေါ်လာ ၃ ဘီလီယံလောက် လိုအပ်နေပြီး တကယ်လို့ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာ အရှိန်မြင့်လာမယ်ဆိုရင် အဲဒီငွေပမာဏဟာ ဒေါ်လာ ၅ ဘီလီယံထိ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ 

ကုလသမဂ္ဂရဲ့ ခန့်မှန်းမှုတွေအရ စစ်ပွဲကြောင့် ယူကရိန်း လူဦးရေ ၄၄ သန်းအနက် ၇.၇ သန်းဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေကြောင်း သိရပါတယ်။