မြောက်ကိုရီးယား စစ်လေယာဉ်အုပ် ချဉ်းကပ်လာလို့ တောင်ကိုရီးယားလေတပ် အလုပ်ရှုပ်

နယ်စပ်နားကို မြောက်ကိုရီးယား စစ်လေယာဉ်တွေ အုပ်စုဖွဲ့ ပျံသန်းလာတာကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး လုံခြုံရေးအတွက် အသင့်အနေအထား ပြင်ဆင်ခဲ့ရကြောင်း သိရပါတယ်။ 

အောက်တိုဘာ ၆ ရက်မှာ မြောက်ကိုရီးယားရဲ့ တိုက်လေယာဉ် ၈ စီးနဲ့ ဗုံးကြဲလေယာဉ် ၄ စီးတို့ အုပ်စုဖွဲ့ ပျံသန်းလာတာကို တောင်ကိုရီးယား ရေဒါတွေက ထောက်လှမ်းမိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ် အစီး ၃၀ ကို ချက်ချင်း ပျံတက်စေပြီး မြောက်ကိုရီးယား လေယာဉ်အုပ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်စေခဲ့ပါတယ်။ 

တောင်ကိုရီးယား တိုက်လေယာဉ်တွေဟာ မြောက်ကိုရီးယား လေယာဉ်အုပ်ကို ကြားဖြတ် နှောင့်ယှက်တာမျိုး မလုပ်ဘဲ ကိုယ့်လေပိုင်နက်ထဲမှာပဲ စောင့်ဆိုင်းနေခဲ့ပါတယ်။ မြောက်ကိုရီးယား လေယာဉ်တွေဟာ ဝေဟင်ကနေ မြေပြင်ကို တိုက်ခိုက်တဲ့ သရုပ်တူ လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ပြန်လှည့်သွားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ 

အောက်တိုဘာ ၆ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်နှစ်စင်းကိုလည်း အရှေ့ဖက် ပင်လယ်ပြင်ဆီ ပစ်ခတ်ပြခဲ့ပါသေးတယ်။ စစ်လေယာဉ်အုပ်ကြီး နယ်စပ်နား ချဉ်းကပ်လာပြီး စစ်ရေး လေ့ကျင့်တာကတော့ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ နောက်ထပ် အပြုအမူ တစ်ခုလို့ ယူဆနိုင်ပါတယ်။ 

 နှစ်ဖက် တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်ကလည်း USS Ronald Raegan လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုကို ကိုရီးယား ကျွန်းဆွယ်နားမှာ စေလွှတ် ဖြန့်ကျက်ထားလိုက်သလို တောင်ကိုရီးယား ရေတပ်နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေအတွင်း တောင်ကိုရီးယားက ပစ်ခတ်တဲ့ ဒုံးကျည်တစ်စင်း ချွတ်ယွင်းပြီး ကုန်းမြေပေါ် ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ 

အမေရိကန် စစ်တပ် အရာရှိတွေကတော့ အဲဒီဒုံးကျည်ရဲ့ ထိပ်ဖူး ပေါက်ကွဲသွားတာ မဟုတ်ဘဲ ဒုံးကျည်ကျရောက်တဲ့ အရှိန် ပြင်းလွန်းလို့သာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုတွေ မရှိခဲ့ပေမယ့် နောက်ဆက်တွဲ စုံစမ်းမှုတွေ ဆက်လက် ဆောင်ရွက်နေပါတယ်။ 

မြောက်ကိုရီးယားဟာ အခုသီတင်းပတ် အစောပိုင်းကလည်း ဒီနှစ်ထဲမှာ စမ်းသပ်ဖူးသမျှ ခရီးအရှည်ဆုံး ပျံသန်းတဲ့ ဒုံးကျည် တစ်စင်းကို ပစ်လွှတ်ခဲ့ပါသေးတယ်။ အဲဒီဒုံးကျည်ဟာ ခရီးမိုင် ၂၈၀၀ ကျော် ပျံသန်းပြီး ဂျပန်နိုင်ငံ ပိုင်နက်ကိုပါ ကျော်ဖြတ်ခဲ့တာကြောင့် ဂျပန်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက် အရေးဆိုခဲ့ပါတယ်။