ထီးချိုင့်မြို့က စစ်တပ်ဂိတ် မိုင်းခွဲတိုက် ခိုက်ခံရပြီး စစ်သား နှစ်ဦးသေ

Photo – CJ (စစ်တပ်ကစစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့ မြတောင်လမ်းဆုံ-ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ Special.9 HPDF က သတင်းထုတ်ပြန်ပါတယ်။

“လောလောဆယ် နှစ်ယောက်သေပြီး တစ်ယောက်က ခြေထောက်ပြတ်ထွက်သွားတယ်လို့ သတင်းရထားပါတယ်ဗျ၊ ကိုးနာရီကျော်ကျော်လောက်ကလဲ ထီးချိုင့်ဘက်က လူနာတင်ကားထွက်သွားတယ်တဲ့ဗျ” လို့ Special.9 HPDF တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

မြတောင်လမ်းဆုံမှာ လမ်းကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်တဲထဲမှာ မိုင်းကိုချပြီး ဒီနေ့ စက်တင်ဘာ၂၃ ရက် မနက် ခြောက်နာရီခွဲဝန်းကျင်မှာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အဲ့ဒီအဖွဲ့က DNA ကိုပြောပါတယ်။

“ပုံမှန်ဆိုရင်တော့ အဲ့ဒီမှာ အင်အား လေးဆယ်အထက်လောက်ရှိတယ်ဗျ၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သူတို့ အင်အားက နည်းနည်းပဲကျန်ခဲ့တာဗျ၊ ညဘက်ဂိတ်မစောင့်ဘူး၊ အဲ့အချိန်မှာ ကျွန်တော်တို့ ရအောင်ချထားခဲ့တာပါ” လို့ Special.9 HPDF တာဝန်ရှိသူကပြောပါတယ်။
မြတောင်လမ်းဆုံဂိတ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှ ရဲနဲ့စစ်သားတွေက လမ်းသွားလမ်းလာပြည်သူတွေဆီကနေ လက်နက်ပြ ငွေကြေးကောက် ခံနေတဲ့ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီဂိတ်က စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာလွန်ခဲ့တဲ့နှစ်လလောက်ကလည်း အပြစ်မဲ့ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့လည်း Special.9 HPDF အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

မြတောင်ဂိတ်ဟာ အရင်ကလည်း မိုင်းဆွဲတိုက်ခိုက်ခံရဖူးပြီး အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတာနဲ့လက် နက်နဲ့ ရမ်းသန်းပစ်ခတ်သံတွေကြားခဲ့ရပေမယ် အခုတစ်ကြိမ်မှာတော့ ​လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသေးဘူးလို့ ဆိုပါတယ်။

မိုင်းခွဲတိုက်ခိုက်ပြီးနောက်ပိုင်း ဒေသခံကာကွယ်ရေးတပ်တွေ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။