ပြိုင်ဘက်ကနေ အသင်းဖော်အဖြစ် ပြောင်းလာတဲ့ ဖက်ဒါရာနဲ့ နာဒဲလ်

Photo – TennisWorldUSA

ရော်ဂျာ ဖက်ဒါရာရဲ့ ပရော်ဖက်ရှင်နယ် တင်းနစ်သမားဘဝ နောက်ဆုံးပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက်ဟောင်း ရာဖေးလ် နာဒဲလ်နဲ့ အသင်းဖော်တွေအဖြစ် ပူးပေါင်း ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၃ ရက်ကျရင် လန်ဒန်မြို့မှာ ကျင်းပမယ့် Laver ဖလား တင်းနစ်ပြိုင်ပွဲမှာ ဖက်ဒါရာနဲ့ နာဒဲလ်တို့ဟာ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲမှာ အသင်းဖော်တွေ အနေနဲ့ ပါဝင်လာကြမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်သား ဖက်ဒါရာနဲ့ စပိန်သား နာဒဲလ်တို့ဟာ တင်းနစ်လောကကို မျိုးဆက်တစ်ခုစာ လွှမ်းမိုးထားခဲ့တဲ့ ဂန္ထဝင် အားကစားသမားတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်နဲ့ ဆာဘီးယားသား နိုဗက် ဂျိုကိုဗစ်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တင်းနစ် အားကစားရဲ့ ကြီးသုံးကြီးအဖြစ် ညွှန်းဆို ခံခဲ့ကြရပါတယ်။ 

Laver ဖလားမှာတော့ ဖက်ဒါရာနဲ့ နာဒဲလ်တို့ဟာ အရင်က အားပြိုင်မှုတွေကို မေ့ဖျောက်ပြီး အသင်းဖော်တွေ အနေနဲ့ ပေါင်းစည်းလာကြပါတယ်။ သူတို့နှစ်ယောက်ဟာ အမေရိကန်သားတွေဖြစ်တဲ့ ဖရန်ဆက်စ် တိုဖီနဲ့ ဂျက်ဆော့ခ်တို့ အတွဲကို စက်တင်ဘာ ၂၃ ရက် ညပိုင်းမှာ ယှဉ်ပြိုင်ကြပါမယ်။ 

အသက် ၄၁ နှစ်အရွယ် ဖက်ဒါရာဟာ ကစားသမားဘဝက အပြီးတိုင် အနားယူတော့မယ်လို့ ကြေညာထားပြီး Laver ဖလားမှာတော့ သရုပ်ပြတဲ့ သဘောမျိုး ပါဝင်လာတာပါ။ အခုပွဲစဉ် နောက်ပိုင်း ဖက်ဒါရာရဲ့ နေရာကို အီတလီသား မက်တီယို ဘာရက်တီနီက အစားပြန်ဝင်ပြီး နာဒဲလ်နဲ့ တွဲကစားသွားတော့မှာ ဖြစ်ပါတယ်။ 

တင်းနစ်လောကရဲ့ ဂရင်းဆလင်းအဆင့် ဆုဖလားကြီးတွေကို အကြိမ် ၂၀ ထိ ဆွတ်ခူးထားဖူးတဲ့ ဖက်ဒါရာက နာဒဲလ်နဲ့ တွဲကစားရတယ် ဆိုတာဟာ ထူးကဲလွန်းတဲ့ အတွေ့အကြုံ ဖြစ်လာမှာ သေချာကြောင်း ပြောပါတယ်။ ဂရင်းဆလင်း ဆုဖလား ၂၂ လုံး ရရှိထားဖူးတဲ့ နာဒဲလ်ကလည်း ဒီပွဲက ထူးခြားမှာ သေချာကြောင်း၊ အထူးသဖြင့် ဒီပွဲနောက်ပိုင်း ကာလတွေမှာ ဖက်ဒါရာက ပရော်ဖက်ရှင်နယ် တင်းနစ်လောကကို စွန့်ခွာသွားတော့မယ် ဆိုတဲ့ အသိက ခက်ခဲလွန်းကြောင်း၊ သူတို့နှစ်ယောက်ကြားမှာ ရှည်ကြာတဲ့ အားပြိုင်မှုတွေ ရှိခဲ့ပေမယ့် အပြန်အလှန် လေးစားမှုက ဘယ်တော့မှ မတိမ်ကောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ 

ဖက်ဒါရာနဲ့ နာဒဲလ်တို့ဟာ ဂရင်းဆလင်း အဆင့်တွေ အပါအဝင် ပြိုင်ပွဲပေါင်းစုံ အကြိမ် ၄၀ တွေ့ဆုံဖူးပြီး နာဒဲလ်က ၂၆ ကြိမ် အနိုင်ရရှိခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက် နောက်ဆုံး တွေ့ဆုံတဲ့ ၂၀၁၉ ခုနှစ်၊ All England Club အကြိုဗိုလ်လုပွဲမှာတော့ ဖက်ဒါရာက အနိုင်ရရှိထားကြောင်း သိရပါတယ်။