ဘားအံမြို့တဝိုက် စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ပြီး လုယက်မှုကျူးလွန်တာတွေရှိနေ

ကရင်ပြည်နယ်၊ ဘားအံမြို့ တဝိုက် လုယက်မှုတွေမကြာခဏဖြစ်နေပြီး စစ်ဝတ်စုံ၊ ရဲဝတ်စုံဝတ်ဆင်ထားသူတွေက လုယက်မှုကျူးလွန်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။
ဘားအံမြို့ ပြင် နောင်လုံတောင်ကြားမှာ စက်တင်ဘာ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ မူးယစ်ရဲတပ်ဖွဲ့ ဝတ်စုံနဲ့ လူလေးယောက်က ပြည်သူနှစ်ဦးဆီက ကား၊ ဖုန်းနဲ့ပိုက်ဆံအိတ်တွေ လုယက်ခဲ့တယ်လို့ သိရပါတယ်။
“လူကိုလဲ ဆွဲလားရမ်းလာနဲ့ ကားထဲဆွဲခေါ်ဖို့ လုပ်ပါတယ်၊ မူးယစ်ဆေးဖမ်းတဲ့ဝတ်စုံလိုလို ဘာဝတ်စုံလိုလို ဝတ်စုံနဲ့လုပ်စားကြတယ်၊ စစ်ဆေးမယ်ဆိုပီး ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေတောင်း၊ ဖွင့်တောင်မဖွင့်ကြည့်ဘူး သူတို့အိတ်ထဲကို ပစ်ထည့်တယ်” လို့ လုယက်ခံခဲ့ရသူရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။
အဲ့ဒီလို လုယက်မှုဖြစ်နေချိန်မှာ လမ်းမှာဖြတ်သန်းနေတဲ့ ခရီးသွားတွေလည်း တွေ့ပေမယ့် ကြားဝင်ကူညီပေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ လုယက်သူတွေက မူးယစ်ရဲဝတ်စုံဝတ်ထားတာကြောင့်လို့ လုယက်ခံရသူတွေက ယူဆပါတယ်။
“လမ်းသွားလမ်းလာသူတွေကလဲ ဒီတိုင်းပဲကြည့်နေတာ၊ ဟိုဝတ်စုံနဲ့ဆိုတော့ ကြားမဝင်ရဲဘူး၊ ဓားပြတိုက်တဲ့သူတွေက လေးယောက်ကားတစီးနဲ့လာတာ” လို့ လုယက်ခံရသူရဲ့ ဆွေမျိုးဖြစ်သူက ဆိုပါတယ်။
အခုလို လုယက်မှုတွေဖြစ်နေတာကြောင့် ဘားအံမြို့မှာနေထိုင်တဲ့ပြည်သူတွေဟာ တစ်ယောက်ထဲ ဘယ်မှမသွားရဲကြဘူးလို့ ဆိုပါတယ်။ ဩဂုတ်လအတွင်းကလည်း နောင်လုံတောင်ကြားလမ်းမှာ ဆိုင်ကယ်ချိန်းကြိုးပြတ်လို့ အကူအညီတောင်းနေတဲ့ လူငယ်တစ်ယောက်ကို စစ်ဝတ်စုံဝတ်ထားသူ လေးယောက်က လက်သီးနဲ့ ထိုးကြိတ်ပြီး ဖုန်းနှစ်လုံး လုယူခဲ့ပါသေးတယ်။