မြဝတီမှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်လာလို့ ထိုင်းမီးပြန်သုံးဖို့ စဉ်းစားလာရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လျှပ်စစ်မီးပျက်တာ နှစ်ပတ်ကျော်အထိ ကြာပြီဖြစ်လို့ လုပ်ငန်းရှင်တွေ အပါအဝင် မြို့ခံတွေ အခက်အခဲတွေ့ပြီး ထိုင်းမီးပြန်သွယ်ဖို့ စဉ်းစားလာကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“ညကျရင်မီးစက်နှိုးရတာ တစ်ည သုံးသောင်းကျော်လောက်ကုန်တယ်၊ တချို့ဆို ထိုင်းမီးပြန်တပ် ဖို့လုပ်နေ ကြပြီ၊ ဒါပေမယ့် တစ်ယူနစ် ၇ ဘတ်ကျော်လောက်ကျမယ်ကြားနေတာ၊ လူနည်းစုပဲ တတ်နိုင်မယ်၊ အရင်က ၄ ဘတ်ခွဲ ပဲ” လို့ မြဝတီမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
မြဝတီမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်ကတည်းက လျှပ်စစ်မီးမရတော့တာဖြစ်ပြီးစက်ရုံ၊ အလုပ်ရုံတချို့နဲ့ လျှပ်စစ်နဲ့လုပ်ကိုင်ရတဲ့လုပ်ငန်းအချို့လည်း ရပ်နား ထားကြရပါတယ်။ဒါ့အပြင် မီးမရလို့ သုံးရေအခက်အ ခဲပါ ဖြစ်လာလို့ မြို့ခံတွေအနေနဲ့ အရင်က သုံးစွဲဖူးတဲ့ ထိုင်းမီး ကိုပြန်သုံးဖို့ စဉ်းစားလာကြတာပါ။
ဒါပေမယ့် ထိုင်းဘက်က မီးပြန်သုံးဖို့ကလည်း ကုန်ကျစရိတ်အရင်ထက် မြင့်တက်လာမယ့်အနေအထားရှိနေတာကြောင့် ချင့်ချိန်တွက်ချက်ရတာတွေရှိနေပြန်ပါတယ်။
ပြည်တွင်းက ဖြန့်ဝေပေးနေတဲ့ လျှပ်စစ်မီးက 11 KV ဖြစ်ပြီး ထိုင်းဘက်က လျှပ်စစ်မီးက 22 KV ဖြစ်လို့ မီးပေး တဲ့စနစ်တွေနဲ့ ထရန်စဖော်မာတွေအကုန် ပြန်ပြောင်းတပ်ဆင်ရမှာကြောင့် မီတာခ ဈေးတက်ရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လတ်တလောဈေးနှုန်းတွေအရ ထိုင်းဘက်က မီးပြန်သုံးမယ်ဆိုရင် မီတာသွယ်ခ ဘတ် ရှစ်ထောင်၊ မီတာ တစ်ယူ နစ် ခုနစ်ဘတ်ခွဲ(ကျပ်ခုနစ်ရာ)လောက်ကုန်ကျမယ်လို့ မြို့ခံတွေကြားသတင်းထွက်နေပေမယ့် အတည်ပြုနှုန်းထား တော့ မဟုတ်သေးဘူးလို့ဆိုပါတယ်။
“ဒါကို အောက်ခြေလူတန်းစားက သုံးနိုင်ပါ့မလား၊ အဓိက ကတော့ ပြည်သူအတွက် ဘယ်သူမှ စေတနာ ထားပြီး မလုပ်ပေးကြဘူး၊ ကုမ္ပဏီနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေ သူတို့အကျိုးအမြတ်ငွေကြေးမရဘဲ ဘာမှလုပ် ပေးချင်စိတ်မရှိ ကြဘူး” လို့ မြဝတီမြို့ မီးလင်းရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားလေ့လာနေသူတစ်ဦးက ဝေဖန်ပါတယ်။
မြဝတီမြို့ထဲမှာ ယိုးဒယားလျှပ်စစ်မီးဖြန့်ဝေပေးနေတဲ့ ကုမ္ပဏီ သုံးခုရှိပြီး မြဝတီကုန်သွယ်ရေးဇုန်နား တစ်ဝိုက်မှာ တစ်ယူနစ်ကို ခြောက်ဘတ်ခွဲနှုန်း၊ မြဝတီတောင်ဘက်ပိုင်း အမှတ်(၃) ရပ်ကွက်၊ ကျွန်း တော ကျူးကျော်ရပ်ကွက်နဲ့ ရဲစိုက်ခင်းဘက်မှာတော့ တစ်ယူနစ် ရှစ်ဘတ်နှုန်းနဲ့ ထိုင်းလျှပ်စစ်မီးကို ဖြန့်ဝေနေ တယ်လို့ သိရပါတယ်။
“မြဝတီမှာ ယိုးဒယားမီးသုံးလို့ရတာက ကြံခင်းကျွန်းတောဘက်ရယ်၊ ၁၄ ဂိတ်ဘက်ရယ်ပဲ ရတာ၊ ဘဏ်တို့ဘာတို့ လုပ်ငန်းရှင်ကြီးတွေက သူတို့ ပိုက်ဆံအကုန်အကျခံပြီး ထရန်စဖော်မာကြီးတွေယူထားတဲ့ သူတွေကျတော့ ယိုးဒယားမီးကို အရင်ကတည်းကယူထားတာ၊ မြန်မာမရရင် ယိုးဒယားသုံးလို့ရတာပေါ့၊ ကာစီနိုရုံတွေဆိုလည်း ယိုးဒယားမီးပဲ ၂၄ နာရီလုံးလာနေတာပဲ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြို့ထဲက တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတချို့လည်း မီးမလာတာကြောင့် မီးစက်နဲ့အသုံးပြုနေရပြီး တစ် ရက်ကို ဓာတ်ဆီဖိုး သုံးသောင်းကျော်ကုန်ကျနေတာကြောင့် လုပ်ကိုင်ရတာအဆင်မပြေဘူးလို့ ဆိုပါတယ်။
“မီးစက်က မနက်ကစနှိုးရင် နေ့လယ်ခဏပဲနားတယ် တစ်နေကုန်ပါပဲ၊ တစ်နေ့ကို သုံးသောင်းလောက် ကုန် တယ်၊ နေ့လယ်က သူများအိမ်ပါမီးယူတယ်လေ၊ ဆီဖိုးမျှခံပေါ့၊ အများနဲ့မှ အဆင်ပြေတယ်၊တစ်ဦး တည်း ဆိုသေရော၊ ထိုင်းမီးက ဒီဘက်ထိမရောက်ဘူး” လို့ မြဝတီမြို့ ကျောက်လုံးကြီးဘက်က ကျောက်စိမ်း ပန်းပု လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မြဝတီမြို့နယ်၊ လျှပ်စစ်ဖြန့်ဝေရေးဌာနနဲ့ နီးစပ်သူတစ်ဦးကတော့ လတ်တလောမှာ ပြည်တွင်း လျှပ်စစ်မီး ပြန်ရဖို့ အလားအလာမရှိသေးသလို ထိုင်းဘက်က မီးယူဖို့လည်း ဌာနအနေနဲ့တော့ အစီအစဉ်မရှိသေးဘူး လို့ဆိုပါတယ်။