ဘားအံမှာ စစ်တပ်စခန်းနား ညအချိန် ဒရုန်းပျံဝဲနေလို့ ပစ်ခတ်သံတွေဆူညံခဲ့

ကရင်ပြည်နယ် ဘားအံမြို့မှာ စက်တင်ဘာ (၁၃) ရက် မနေ့ကညပိုင်းမှာ မြို့ပေါ်ဒရုန်းပျံဝဲနေတာတွေ့လို့ စစ်တပ်က ပစ်ချဖို့ကြိုးစားခဲ့ပြီး သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပစ်ခတ်သံတွေဆူညံနေခဲ့တယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

“ကြာအင်းတောင်ခြေနားကနေ နှစ်ချက်စပစ်တာ၊ လမ်းထိပ်မှာလည်း လာပစ်သွားတယ်၊ ပစ်တာက အချက်နှစ်ဆယ်ကျော်တယ်၊အိမ်ထဲမှာဘဲနေနေရတယ်၊ လူတွေကို ထိမှာကြောက်လို့ အပြင်ကို မထွက်ရဲဘူး” လို့ ဘားအံ၊ ရတနာဒီပမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ရတနာဒီပနားမှာ မနေ့ကည ၈ နာရီကျော်လောက်မှာ ဒရုန်းတစ်စင်းပျံဝဲနေတာတွေ့လို့ မြို့ပေါ်က စစ်ကောင်စီ (၂၀၁) တပ်ရင်းက သေနတ်နဲ့ လိုက်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပစ်ခတ်မှုဖြစ်ပြီးနောက် လျှပ်စစ်မီးပြတ်တောက်သွားပြီး ဘားအံမြို့ ဘောလုံးကွင်းနားမှာ အသံဗုံး ပေါက်ကွဲ တဲ့ အသံထွက်ပေါ်လာတာကိုလည်း ကြားရတယ်လို့ မြို့ခံတွေကပြောပါတယ်။စစ်တပ်က ပစ်ချဖို့ ကြိုးစားခဲ့တဲ့ဒရုန်း ပျက်ကျခဲ့သလားဆိုတာကိုတော့ မြို့ခံတွေ ရှင်းရှင်းလင်းလင်းမသိကြပါဘူး။

ဒရုန်းပျံဝဲနေလို့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဘားအံမြို့အမှတ် (၉) ရပ်ကွက်က သိမ်တော်ကြီးလမ်းအနီးမှာ စစ်တပ်စခန်းတခု ရှိနေတယ်လို့သိရပါတယ်။

နွေဦးတော်လှန်ရေး အရှိန်မြင့်တက်လာတာနဲ့အမျှ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေလည်း နိုင်ငံ့အနှံ့မှာနေ့စဉ် ဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘားအံမြို့ လှာကမြင်က တော်ဝင်သုခဆေးခန်းနားမှာ ဗုံးတစ် လုံးပေါက်ကွဲခဲ့ပြီး နောက် စစ်ကောင်စီက အစစ်အဆေးတွေပိုပြီး တင်းကျပ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။