ရေးမြို့နယ်မှာ ဒုအရာခံဗိုလ်အပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို KNLA ပူးပေါင်းတပ်က ဖမ်းဆီး

Photo – လူမှုကွန်ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒုအရာခံဗိုလ်တဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို စက်တင်ဘာလ (၄) ရက်နေ့မှာ KNLA ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ (YGF) အဖွဲ့ဝင် ဗိုလ်ကျန်ရစ်က DNA ကိုပြောပါတယ်။

“သူတို့က သင်တန်းဆင်းပြီး ပြန်လာတာ၊ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ KNLA နဲ့ တောင်ညိုစစ်ကြောင်းက ကနင်ကမော့နားမှာ မိတာပါ၊ ဖမ်းထားပြီး လုံခြုံတဲ့နေရာကို ပို့ထားပါတယ်၊ ဒါပေမယ့် စစ်ရေးလုံခြုံရေး အရတော့ ပြောလို့မရပါဘူး” လို့ သူကပြောပါတယ်။

ဖမ်းမိသူတွေဟာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာမှာရှိတဲ့ အမှတ် (၄) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (တတက ၄) ကနေ အရာခံ/အကြပ်ကြီး သင်တန်းဆင်းပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာနိုင်တဲ့ အခြေအနေတွေ ရှိနေပြီး အဲ့ဒီနယ်တကြောမှာ မနှစ်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဗိုလ်ကျန်ရစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲက ရဲစခန်းကို မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းက သူတို့ရဲ့ ပထမဆုံး စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်တိုက်ခိုက်လို့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးတာရှိတယ်လို့ MSDF-S ကထုတ်ပြန်ထားပါတယ်။