KNU တပ်မဟာ (၆) နယ်မြေမှာ သြဂုတ်လအတွင်း တိုက်ပွဲသုံးဆယ်ကျော်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ​ငါးဆယ်နီးပါးသေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေမှာ သြဂုတ်လအတွင်း စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KNLA လက်အောက်ခံတပ်တွေ တိုက်ပွဲသုံးဆယ်ကျော်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ငါးဆယ်နီးပါးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ထုတ်ပြန်ပါတယ်။

အခုလ သြဂုတ် (၁) ရက်စလို့ (၂၀) ရက်အထိ KNLA လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေ တိုက်ပွဲ (၃၃) ကြိမ်ဖြစ်ရာမှာ စစ်ကောင်စီဘက်က (၄၈) ဦးသေပြီး (၈၀) ဦး ဒဏ်ရာရတယ်လို့ KNU ကဆိုပါတယ်။

ဒါ့အပြင် စိစစ်ကောက်ယူနေဆဲ ထိခိုက်သေဆုံးမှုတွေလည်း အများအပြား ရှိနေသေးတယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလအတွင်း ကော့ကရိတ်မြို့နယ်ထဲမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့ပြီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့နေရာတွေကတော့ တိုက်ပွဲအပြင်းထန်ဆုံးနေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တိုက်ပွဲအများဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်တဲ့ ဒေသတွေကို အကြမ်းဖက်စစ်တပ်က ဂျက်လေယာဥ်၊ ရဟတ်ယာဥ်တွေအပါအဝင် လက်နက်ကြီးအမျိုးမျိုးနဲ့ အင်အားအလွန်အကျွံအသုံးပြု ထိုးစစ်ဆင်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNLA စစ်သည်တွေ ထိခိုက်ကျဆုံးတာ မရှိပေမယ့် မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာတော့ နှစ်ဦးကျဆုံးပြီး (၁၆) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့က သြဂုတ် (၂၃) ရက်ကတော့ အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကော်ဘရာ စစ်ကြောင်းက စစ်သည်နှစ်ဦးဟာ လေကြောင်းကပစ်ချတဲ့ ကလက်စတာဗုံး (ဆင့်ပွားဗုံး) ကြောင့် ကျဆုံးခဲ့ရတယ်လို့ အဲ့ဒီစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက DNA ကို အတည်ပြုထားပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် တပ်မဟာ (၆) နယ်မြေထဲက ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ KNU ကဆိုပါတယ်။

KNU က လက်ရှိအချိန်အထိ အတည်ပြုနိုင်တဲ့ စာရင်းတွေအရ တပ်မဟာ (၆) နယ်မြေထဲမှာ နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့ပြည်သူ ကိုးသောင်းကျော်ရှိနေတယ်လို့လည်း သိရပါတယ်။