တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ သြဂုတ် ၁၃ ရက်နေ့က ရုတ်တရက် ရေကြီးလာပြီးနောက် လူ ၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
တရုတ်မီဒီယာကနေ ထုတ်လွှင့်ထားတဲ့ ရုပ်သံတွေမှာ Sichuan ပြည်နယ် Pengzhou မြို့စွန်မြို့ဖျားရှိ မြစ်တစ်စင်းမှာ ရေတွေ တဟုန်ထိုး မြင့်တက်လာတာကို ဖော်ပြထားတာ တွေ့ရပါတယ်။
“ည ၇ နာရီခွဲလောက်မှာ တောင်ကျရေကြောင့် လူ ၄ ဦး သေဆုံးခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသူ ၃ ဦးနဲ့ သာမာန် ဒါဏ်ရာရသူ ၆ ဦး ရှိခဲ့တယ်” လို့ Pengzhou အရေးပေါ် တုံ့ပြန်ရေး အာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လက အပူလှိုင်းကျရောက်နေတဲ့ ကာလအတွင်း ရှန်ဟိုင်း အပါအဝင် မြို့အတော်များများမှာ သူတို့ရဲ့ အပူဆုံးနေ့တွေကို မှတ်တမ်းတင်ခဲ့တာပါ။ အဲဒီ ပြင်းထန်တဲ့ နွေရာသီကာလအတွင်းမှာပဲ တရုတ်နိုင်ငံမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတာပါ။
ရာသီဥတုဖောက်ပြန်လာတာကြောင့် ကမ္ဘာအနှံ့မှာ လွန်ကဲတဲ့ ရာသီဥတုတွေ ပိုပြီးတော့ မကြာခဏ ဖြစ်ပေါ်နေပြီး ကမ္ဘာ့အပူချိန် မြင့်တက်လာတာနဲ့အမျှ ပိုပြင်းထန်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။
ဒီသီတင်းပတ်ကုန်မှာတော့ နိုင်ငံတခွင်အနှံ့အပြားမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထိ မြင့်တက်သွားနိုင်တာကြောင့် အပူချိန်မြင့်မားမှုအတွက် တရုတ်နိုင်ငံ အမျိုးသားစောင့်ကြည့်ရေးဌာနက အနီရောင်သတိပေးချက် ထုတ်ပြန်ထားတယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဩဂုတ်လ ၁၃ရက်နေ့မှာ ဖော်ပြထားပါတယ်။
ဇွန်လအတွင်း တရုတ်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၅ သိန်း ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး စီးပွားရေး ထိခိုက်မှုမှာတော့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့် ရှိတယ်လို့ သိရပါတယ်။