စစ်ကောင်စီက လိုင်ဇာကို ပစ်တဲ့ လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံထဲကျလို့ ထိခိုက်သေဆုံးမှုရှိ

နိုဝင်ဘာ၊ ၄

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတဝိုက်ကိုစစ်ကောင်စီက ဒီကနေ့မနက်က စလို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျပြီးတရုတ်နိုင်ငံ သားတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ လိုင်ဇာဒေသခံတဦးက DNAကိုပြောပါတယ်။

“အတွဲလိုက်ဒုံးတွေနဲ့ ခဏခဏ ပစ်နေတာ၊တရုတ်ဘက်ကိုလည်း သုံး၊လေးလုံးလောက်ကျသွားတယ်၊ သေတဲ့သူ ရော၊ ဒဏ်ရာရတဲ့သူကောရှိတယ်”လို့ သူကပြောပါတယ်။

လက်ရှိသတင်းတွေအရ တရုတ်နိုင်ငံသားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း သိရတယ်လို့ လိုင်ဇာမြို့ခံ သတင်းရင်းမြစ်က ပြောပေမယ့် DNAအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

KIO ဌာနချုပ်လိုင်ဇာမြို့ကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီလေယာဉ်တွေဟာ တရုတ်နိုင်ငံလေ ပိုင်နက်ထဲဝင်ရောက်ပစ်ခတ်တာရှိတယ်လို့ သတင်းတွေထွက်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာ မိတ်သုံးဖွဲ့ရဲ့ထိုးစစ်ကိုတုံ့ပြန်တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီရဲ့လက်နက်ကြီးတချို့ တရုတ်နိုင်ငံဘက် ကျတာရှိ တယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

ညီနောင်မဟာမိတ်တပ်တွေက  ရှမ်းမြောက်ထိုးစစ်စတင်တဲ့ အောက်တိုဘာ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတချို့ တရုတ်ပြည်ဘက်ခြမ်းဆီ ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

ဒါပေမယ့် တရုတ်အစိုးရဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဒီကနေ့အထိ တစုံတရာထုတ်ဖော်ပြောဆို တာမျိုးမရှိသေးပါဘူး။

လိုင်ဇာမြို့ကို ဒေါ့ဖုန်းယန်၊ ခရာဘွမ်ဘက်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီကနေလက်နက်ကြီးနဲ့ ပစ်ခတ် နေတာဖြစ်ပြီး တိုက်လေယာဉ်တွေလည်း ဝဲနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာရှိတဲ့ ကန်တောင်ယန်ဗျူဟာကုန်းစခန်း သိမ်းပိုက် ခံခဲ့ရပြီးနောက်လိုင်ဇာအနီးတဝိုက်တွေဆီ လက်နက်ကြီး၊ တိုက်လေယာဉ်တွေနဲ့ ရက်ဆက် ပစ်ခတ်နေခဲ့ တာလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့အတွက် အရေးကြီးတဲ့ ကန်တောင်ယန်စခန်းဟာ KIA ၊ ရခိုင့်တပ်တော်(AA) ပူးပေါင်း အဖွဲ့တို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ခံခဲ့ရတာပါ။

အဲဒီနေ့မှာပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး အလော့န်ဘွမ်တောင်ကုန်းဘက်ဆီ စစ်ကောင်စီက တိုက်လေ ယာဉ်နဲ့ သုံးကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို AA ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်တို့မှာလည်း တိုက်လေယာဉ်သုံး ဗုံးကြဲတာတွေဆက်လုပ်ခဲ့ပြီး ဒေသခံအရပ် သားတချို့ ထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ ပတ်သက်လို့ KIA တပ်ဖွဲ့ကိုပြစ်တင် ပြောဆိုထားသလို KIA ကိုရော ရှမ်းမြောက်ထိုးစစ်ကိုပူးပေါင်းတိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက MNDAA၊TNLA တို့ကိုပါ လိုအပ်တဲ့ တုံ့ပြန်မှုတွေလုပ်မယ်လို့ ပြောဆိုထားပါတယ်။