မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်လို့ ရေးခဲ့တဲ့ အိပ်ဖွင့်ပေးစာအတွက် HRW တောင်းပန်

မြန်မာနိုင်ငံက ကလေးငယ်တွေ ပညာသင်ကြားခွင့်နဲ့ ပတ်သတ်ပြီး နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ ပူးပေါင်းကာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစောင်မှာ မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်အဖြစ် ညွှန်းဆိုရေးသားခဲ့တဲ့အတွက် တောင်းပန်ကြောင်း လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံလုံးဆီကို အဲဒီစာကို ပေးပို့ခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ကို Prime Ministerနဲ့ Your Excellency အဖြစ် အသုံးအနှုန်းတွေ ပါဝင်နေတဲ့အတွက် အကြီးအကျယ်ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၁ ရက် ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာမှာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ Save the children နဲ့ World Vision International ၊ Kids Rights ၊ Malala Fund တို့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ခုက ပါဝင်လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စဟာ စီမံခန့်ခွဲမှု အမှားတစ်ခုသာဖြစ်ပြီး၊ HRW အဖွဲ့က အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း အမှားအတွက်တောင်းပန်ကြောင်း မင်းအောင်လှိုင်နဲ့ ဆက်ဆံမှာ မဟုတ်ဘူးလို့ HRW က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
မနေ့က အဲဒီစာ အွန်လိုင်းပေါ်မှာ ပျံ့နှံလာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို အသိအမှတ်ပြုရာရောက်တယ်ဆိုတဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တာတွေ ရပ်ဆိုင်းကြဖို့ကိုလည်း တိုက်တွန်းတဲ့ လှုပ်ရှားမှုတခု ထွက်ပေါ်လာခဲ့ပါတယ်။
DNA သတင်းဌာနက Amnesty International ၊ Save the children၊ World Vision International စတဲ့အဖွဲ့သုံးဖွဲ့ကို အဲဒီအိတ်ဖွင့်ပေးစာနဲ့ ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုလာတာ မရှိပါဘူး။