အရာတော်၊ မင်းရွာကျေးရွာကို စစ်ကောင်စီက မီးရှို့လို့ အိမ်ခြေတရာကျော်မီးလောင်

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် ၊မင်းရွာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ကကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ တစ်ရာကျော် မီးလောင်ခဲ့ပြီး အသက် ၈၀ကျော်အရွယ် အဖွားအိုတဦး မီးလောင်သေဆုံးခဲ့တယ်လို့ မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း(၂) ရဲ့ တာဝန်ရှိသူတစ်ဦးက DNAကို ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ရွာကိုမီးရှို့ပြီးအထွက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့စောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကို တွေ့ရှိပြီး ဖမ်းဆီးကာ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့မနက် ၆နာရီလောက်ကစပြီးတော့ ရွာကိုမီးတင်သွားတာ။မီးတင်သွားတာမှာ အဖွားကြီး တစ်ယောက် ပါတယ်။ဒီဘက်က ကိုယ့်ရဲ့အဖွဲ့ထဲက မိုင်းဆွဲဖို့စောင့်နေတဲ့တစ်ယောက်လည်း သူတို့နဲ့ တွေ့ပြီးတော့ သူတို့ရွာကနေ မီးရှို့ပြီးထွက်သွားတဲ့အချိန်မှာမိသွားတာပေါ့။မိသွားပြီးတော့ပစ်သတ်သွားတာ”လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့အကြား သြဂုတ် ၄ရက်နေ့ကနေ ၅ရက်နေ့အထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့သြဂုတ် ၆ရက် မနက် ၇နာရီခန့်မှာစစ်တပ်က ကျေးရွာကို မီးရှို့ခဲ့တာလို့ သိရပါတယ်။
“၉နာရီလောက်မှာ ရွာထဲဝင်ဖို့စလုပ်တော့ ရွာခံအဖွဲ့နဲ့၁၅မိနစ်လောက်ကြာမယ်။ ဟိုဘက် ဒီဘက် ပစ်ကြတယ်။ ပစ်တဲ့အခါမှာ ဒီကောင်တွေဘက်က ၂ယောက်ကျတယ်။အဲ့ဒီကနေ ရွာထိပ်ဝင်တယ်။ ရွာထိပ် ဘုန်းကြီးကျောင်းကိုဝင်ပြီးတဲ့အချိန် ၁၂ခွဲ ၁နာရီလောက်မှာ ဒီဘက်ကအဖွဲ့တွေနဲ့ပစ်သေးတယ်။ ပေ ၁၀၀လောက် ထင်တယ်။အနီးကပ်ပစ်ကြတာ ၁နာရီလောက်ကြာတယ်။ပစ်တဲ့အခါမှာ ခွေးတွေတော်တော်တော့ကျသွားတယ်။၁၅ကောင်လောက်”လို့ မဟာမိတ် PDF တပ်ပေါင်းစု တပ်ရင်း(၂) ရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်ရှိမှာ ကျေးရွာနေပြည်သူတွေဟာ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီတပ်ကတော့ ကျေးရွာက ပြန်လည်ထွက်ခွာသွားပြီဖြစ်တာကြောင့် မီးငြိမ်းသတ်တာတွေလုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
အရာတော်မြို့နယ်အတွင်းက မင်းရွာကျေးရွာဟာ အိမ်ခြေတစ်ထောင်လောက်ရှိပြီး လူဦးရေ သုံးထောင့်ခန့်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။