ရုရှားရဲ့ကျူးကျော်စစ်ကြောင့် လူပေါင်း သန်းလေးဆယ်ကို စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်စေတယ်လို့ အမေရိကန်ပြော

Photo- AP

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် လူသန်းပေါင်း ၄၀ စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ အာဖရိကတိုက်ရဲ့  ဆာဟာရဒေသကို အပြင်းထန်ဆုံး ထိခိုက်နိုင်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 G7 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုဟာ စားနပ်ရိက္ခာဖူလုံမှုအတွက် ကန်ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံအာမခံထားတာဖြစ်ပြီး အဲဒီထဲကမှ ဒေါ်လာ ၂ ဒသမ ၇၆ ဘီလီယံ ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။

အာဖရိကတိုက်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီအသစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်းဖို့အတွက် အမေရိကန်က အစီအစဉ်တွေ ရှိနေပြီး လွှတ်တော်ရဲ့ အတည်ပြုချက်အတွက် စောင့်ဆိုင်းနေရတာလို့ ဆိုပါတယ်။

“ရုရှားဟာ ယူကရိန်းရဲ့ အထွက်နှုန်းအကောင်းဆုံး လယ်ယာမြေတချို့ကို စနစ်တကျ သိမ်းပိုက်ထားပြီး မိုင်းတွေ၊ ဗုံးတွေနဲ့ လယ်ကွင်းတွေကို ဖျက်ဆီးခဲ့တယ်၊ ရုရှားအပေါ် ဘယ်လိုခံစားရပါစေ၊ ယူကရိန်းစစ်ပွဲရဲ့ သက်ရောက်မှုကို လျော့ပါးသက်သာစေဖို့ ကျွန်တော်တို့အားလုံးမှာ တူညီတဲ့ အကျိုးစီးပွားတွေ ရှိပါတယ်” လို့ Thomas-Greenfield က ပြောဆိုပါတယ်။

ရုရှားကတော့ စားနပ်ရိက္ခာအကျပ်အတည်းအတွက် တာဝန်ရှိကြောင်း ငြင်းဆိုထားပြီး သူ့ရဲ့စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ တင်ပို့မှု နှေးကွေးတာတွေအတွက် အနောက်နိုင်ငံတွေရဲ ပိတ်ဆို့အရေးယူမှုတွေကို အပြစ်တင်ခဲ့ပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဩဂုတ်လ ၂ ရက်နေ့က သွားရောက်ခဲ့တဲ ကင်မရွန်းခရီးစဉ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ရုရှားရဲ့ “စစ်လက်နက်တွေ” အဖြစ် ဖော်ပြခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေအပေါ် အပြစ်တင်တဲ့အကြံပြုချက်တွေကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။