ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်ပြီး စစ်ဆေးမှုတွေလုပ်နေ

Photo- AP
အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းတွင်းက မြို့နယ်အများအပြားမှာ အင်အားအများအပြားသုံးပြီး တင်းကြပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တစ်နေရာကို အင်းအားအပြည့်ပါတဲ့ စစ်ကား ၄ စီးလောက်နဲ့ စစ်ဆေးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ကျွန်တော်တွေ့တာဆိုရင် လေး၊ငါးနေရာလောက်ရှိပြီ။ တစ်နေရာကို စစ်ကား လေး၊ငါးစီးလောက်နဲ့ဒီကောင်တွေမပါဘူးဆိုရင် အယောက် ၂၀ လောက်အထိရှိတယ်။ လုံခြုံရေးယူတာ၊ ကားတွေကိုစစ်တာတွေ လုပ်နေတာ” လို့ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
စစ်ဆေးမှုတွေကို လှိုင်သာယာ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ရန်ကင်း၊ တာမွေ၊ မင်္ဂလာဒုံ၊ အင်းစိန်နဲ့ စမ်းချောင်းမြို့နယ်တို့မှာ အများဆုံးပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“လှိုင်သာယာမှာ မနက် ၅ နာရီလောက်ထဲက စစ်တာ၊အောင်ဇေယျကြိုးတံတား အဆင်းမှာဆိုရင် စစ်ကား ၅ စီးလောက်ရှိတယ်။ တစ်စီးမှာ လေးယောက်လောက်ဆိုတော့ အယောက် ၂၀ လောက်တော့ရှိတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က ရန်ကုန်မှာ အရင်ကထက် အင်အားပိုသုံးပြီး တင်းကြပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ မြေအောက်တော်လှန်ရေးအဖွဲ့တွေကလည်း ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်အုပ်စုက ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်၊ စစ်အုပ်စုထောက်တိုင်၊ သတင်းပေး၊ Non CDM တွေကိုပါ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပြီး အများပြည်သူအနေနဲ့ သွားလာနေထိုင်မှုကို အထူးဂရုစိုက်ဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်အုပ်စုက ဥပဒေမဲ့ သတ်ဖြတ်တဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာလည်း အင်းစိန်ထောင် ဂိတ်ပေါက်ဝကို ပစ်ခတ်တိုက်ခိုက်တာ၊ အလုံမြို့နယ်က လဝက ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို တော်လှန်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့ပါတယ်။