ကလေးမြို့မှာ အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေကို နှစ်ဆပိုလုပ်မယ်

Photo – ကလေးမြို့ပင်မသပိတ်စစ်ကြောင်း
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းအနေနဲ့အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အရင်ကထက် နှစ်ဆပိုမိုလုပ်ဆောင်သွားမယ်လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက DNA ကို ပြောပါတယ်။
“ကိုဂျင်မီတို့ကိစ္စကပါးစပ်ကနေ ဝမ်းနည်းကြောင်းပြောရတာထက် ရင်ထဲမှာပိုလို့ခံစားရပါတယ်။ စကစဘက်က စိတ်ဓာတ်တွေပြိုလဲအောင် အကြောက်တရားတွေဝင်အောင် အမျိုးမျိုးလုပ်ပြနေတာ။ သူတို့အဲ့လိုလုပ်ပြလေလေ ကျမတို့စိတ်ဓာတ်တွေပိုခိုင်မာလေ၊ ခံယူချက်တွေပြင်ထန်လာလေပါဘဲ။ အရင်ကထက် နှစ်ဆပိုလုပ်သွားမယ်” လို့ အမျိုးသမီးသပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ကလေးမြို့မှာ ဇူလိူင်လ ၂၆ ရက်နေ့ မနက်ပိုင်းက ကလေးမြို့အနောက်ပိုင်း တောင်ဖီလာဘက်ကိုသွားတဲ့ တံတားပေါ်မှာ ” မတရားမူလွင်ပြင်မှာ ခိုလူံစရာအရိပ်မရှိ “စာတန်းချိတ်ဆွဲဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်းခေါင်းဆောင်အမျိုးသမီးက အခုလိုပြောဆိုခဲ့တာပါ။
ဇူလိုင် ၂၅ ရက်က အကြမ်းဖက်စစ်အုပ်စုက ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့တယ်လို့ ထုတ်ပြန်ပြီးနောက်မှာလည်း ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ “ငါတို့ တော်လှန်ရေးတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး” စာတန်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း ကလေးမြို့မှာ ညနေပိုင်းကနေ ညသန်းခေါင်အချိန်အထိမိနစ်ပိုင်းခြား ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီလုပ်ဆောင်မှုကို Operatiom MoMo အဖွဲ့ကလုပ်ဆောင်တာဖြစ်ပြီး သေဒဏ်စီရင်ခဲ့တဲ့အပေါ်ကနဦးတုန့်ပြန်မှု ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
“ဒီနေ့ မတရားသတ်ဖြတ်ခံရတဲ့ ၄ ဦးအတွက် နာကျည်းမှုပါ။သူတို့သတ်ပြနေလို့ ကြောက်သွားမယ့်ထဲ ငါတို့မပါဘူး၊ ငါတို့သွေးမကြောင်ဘူးဆိုတာ ပြတာပါ။ ဆက်ပြီး ဒီထက် တော်လှန်ဦးမှာပါ” လို့ ဆိုပါတယ်။
ကလေးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်က လမ်းပေါ်မှာ ရှောင်တခင်စစ်ဆေးတာတွေ၊ လမ်းဆုံအနီးတဝိုက် ကင်းပုန်းချထားတွေ၊ ကားတွေနဲ့မြို့ထဲလှည့်လည်တာတွေလုပ်ဆောင်နေတဲ့ကြားက တော်လှန်ရေးအဖွဲ့တွေက ဆန်ကျင်ရေးသပိတ်လှုပ်ရှားမှုတွေ၊ဖောက်ခွဲမှုတွေကို လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကလေးမြို့မှာစစ်ရေးအခြေအနေတင်းမာနေတာကြောင့် မြို့နယ်အတွင်းခရီးသွားလာကြမယ့်သူတွေသတိရှိကြဖို့နဲ့ကလေး- တမူးလမ်းမကြီးကို ည ၉ နာရီကနေမနက် ၅ ရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကလေးPDF က ဇူလိူင်လ ၂၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။