တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။
“ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။
မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။
ရွှေဘိုဆန်စျေးဟာ အရင်က ၂၄ ပြည်ပါဆန်တအိတ်ကို ၆၇,၀၀၀ / ၆၈,၀၀၀အထိသာရှိခဲ့ပေမယ့် လက်ရှိမှာ ဆန်တစ်အိတ်ကို ၇၇,၀၀၀ကနေ ၈၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ရွှေဘိုဆန်စျေးမြင့်တက်လာတာကြောင့် တခြားဆန်စျေးနှုန်းတွေလည်း ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ် အထိ မြင့်တက်လာနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
စျေးနှုန်းမြင့်တက်နေတဲ့ ရွှေဘိုဆန်ဟာ စစ်ကိုင်း တိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်က အများဆုံးထွက်ရှိတဲ့ဆန်ဖြစ်ပြီး လက်ရှိမှာစစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာ ကွယ်ရေးအဖွဲ့တွေ အကြားတိုက်ပွဲတွေကြောင့် ဒေသခံတောင်သူတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရတာကြောင့် လက်ကျန်စပါးနည်းပါးလာတာနဲ့ စပါးစိုက်ပျိုးနိုင်တဲ့ အခြေအနေတွေမရှိတဲ့ အတွက် ဆန်စျေးနှုန်းဟာ မြင့်တက်လာနေတာ ဖြစ်တယ်လို့ ဆန်ကုန်သည်တွေက ဆိုကြပါတယ်။
“အခုရောင်းနေတဲ့ဆန်တွေက သူတို့လှောင်ထားတဲ့ဆန်တွေ၊ရှေ့တစ်နှစ်၊နှစ်နှစ်အတွက် လှောင်ထားတဲ့ဆန်တွေ။အဲ့ဒါကြောင့် ဒီတစ်နှစ်၊နှစ်နှစ်ကတော့ ဆန်မပျက်ဘူး။ဒါပေမယ့် စပါးမစိုက်နိုင်ဘူးဆိုရင်တော့ ဆန်ပျက်မယ့် အခြေအနေမှာရှိမယ်။ရွှေဘိုဆန်ပေါ့”လို့ တခြားဆန်ကုန်သည်တစ်ဦးကပြောပါတယ်။
ပြည်တွင်းဆန်ဈေးနှုန်းတွေဟာ လက်ရှိမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ်၇၀,၀၀၀ ကနေ ၇၈,၀၀၀ကျပ် ၊ဧရာဝတီ ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၅၁,၀၀၀ ကနေ ၅၇,၀၀၀၊ပေါ်ကျွဲတစ်အိတ်ကို ကျပ် ၄၂,၀၀၀ ကနေ ၄၃,၀၀၀ခန့်အထိရှိပြီး ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၃၂,၀၀၀ ကနေ ၃၇,၅၀၀ အထိရှိနေ​တယ်လို့ ဝါးတန်းဆိပ်ကမ်း ဆန်ကုန်စည်ဒိုင်တွေရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ ရွှေဘို၊မနော်၊ဧရာမင်း၊မဂျန်နော်စတဲ့ ဆန်အမျိုးအစားတွေထွက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီးဘက်ကတော့ ဖျာပုံ၊မြောင်းမြ၊တောင်ပျံ၊ဧရာဝတီပေါ်ဆန်း စတဲ့ ဒေသအလိုက် ထွက်ရှိနေပါတယ်။