၅/ သမားတွေကို ဝန်ဆောင်ခပိုတောင်းတဲ့ အေဂျင်စီတွေရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးမှာ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ထားတဲ့သူတွေအနေနဲ့ ထိုင်းနိုင်ငံကို MoU စနစ်နဲ့လာရောက်တဲ့အခါ ဝန်ဆောင်ခ ပိုမိုပေးဆောင်ရတာတွေရှိနေတယ်လို့ AAC လက်တွဲကူညီအဖွဲ့ ကနေ သိရပါတယ်။

AAC လက်တွဲကူညီအဖွဲ့ ဉက္ကဌ ဉီးခိုင်ကြီး က “ ကျွန်တော်တို့ဆီရောက်လာတာတွေမှာ ၅ မျဉ်းစောင်း သမားတွေမို့ အေဂျင်စီက ပိုက်ဆံပိုတောင်းတာခံရတဲ့သူတွေ ပါတယ်။ ဒါပေမယ့် ဒီဘက်‌ရောက်တော့ ပိုကြီးတဲ့ပြဿနာတွေကို ရင်ဆိုင်နေရတယ် ” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ပို့ဆောင်မယ့် အလုပ်သမားတွေအတွက် အေဂျင်စီ ဝန်ဆောင်ခကို စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကျပ် ၃ သိန်း သတ်မှတ်ထားပြီး အလုပ်ပါမစ်၊ ဆေးစစ်ခအပါအဝင် တခြားကုန်ကျစရိတ်တွေအတွက် ဘတ် ၅,၅၀၀ ဝန်းကျင်ပဲ သတ်မှတ်ထားပါတယ်။

မြေပြင်မှာတော့ အလုပ်သမားတွေဟာ အနိမ့်ဆုံး မြန်မာကျပ်ငွေ ၁၀ သိန်းခန့်အေဂျင်စီကို ပေးဆောင်ရပြီး ထိုင်းဘတ်ငွေ တစ်သောင်း ဝန်းကျင် ထပ်မံကုန်ကျနေကြပါတယ်။ ဒီအထဲမှာမှ ၅/ သမားတွေ က ပိုမိုကုန်ကျမှုတွေ ရှိနေတာပါ။

လက်ရှိ ထိုင်းနိုင်ငံ ကန်ချနဘူရီက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုငွေစိုး က “ ကျွန်တော်တို့အဖွဲ့မှာ ကျွန်တော့်မှတ်ပုံတင်က စစ်ကိုင်းကဖြစ်နေလို့ဆိုပြီး ကုမ္ပဏီက ၂ သိန်းပိုတောင်းတယ်။ စစ်ကိုင်းကဆိုရင် စစ်ဆေးတာများလို့ဆိုပြီး ပြောတာပဲ ” လို့ ဆိုပါတယ်။

MoU စနစ်နဲ့ ထိုင်းနိုင်ငံကိုလာ‌ရောက်ကြတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေထဲမှာ အလုပ်မရရှိတာ၊ တစ်လအတွင်း စက်ရုံ ခဏခဏပြောင်းရွေ့ရတာ၊ သတ်မှတ်လစာ မရတာ၊ စက်ရုံဘက်က အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ စတဲ့ပြဿနာတွေ အများကြီးကြုံတွေ့ နေရပါတယ်။

ယခုနှစ် မေလကစပြီး ထိုင်းနိုင်ငံကို MoU စနစ်နဲ့ မြန်မာလုပ်သား ပြန်လည်စေလွှတ်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာအထိ ၅၆,၂၃၇ ဦး စေလွှတ်ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

စကစ လေကြောင်းရန်က တကယ်စိုးရိမ်စရာလား ဖန်တီးနေတဲ့ Panic Shock လား

Read Next

သံဖြူဇရပ်မှာရှိတဲ့ နှစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းကြီးကျောင်းမီးလောင်ဆုံးရှုံး