ရန်ကုန်ကို စွန့်ခွာတော့မယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ YPDF (Bahan) ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့သတင်းပေး၊ဒလန်ရှင်းလင်းရေး စတဲ့တော်လှန်ရေးလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေတဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon People’s Defence Force (Bahan) အဖွဲ့အနေနဲ့ အဖွဲ့ရပ်တည်ရေးခက်ခဲလာတာကြောင့် ရန်ကုန်ကိုစွန့်ခွာတော့မယ်လို့ ထုတ်ပြန်ပါတယ်။
အခုလို ထုတ်ပြန်ချက်ကို ဒီကနေ့ ဇူလိုင် ၆ ရက်ညပိုင်းမှာ Yangon People’s Defence Force (Bahan)အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
ငွေကြေးအခက်အခဲကြောင့် အဖွဲ့ဝင်တွေအနေနဲ့ အလုပ်လုပ်ကိုင်ပြီးရပ်တည်နေရတာ၊ Mission တွေကိုလုပ်ဆောင်ရာမှာ ရှိတဲ့ပစ္စည်းနဲ့ဓားတို့ကိုသာ အသုံးပြုပြီး mission တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ပေမယ့် ရေရှည်ရပ်တည်ရေးမှာ ငွေကြေး၊ လက်နက်ပြည့်စုံမှု မရှိတာကြောင့် အခုလို ရန်ကုန်ကိုစွန့်ခွာဖို့ ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့ အဖွဲ့တာဝန်ခံ itzel kate က​ DNA ကိုပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် ကျသွားကတည်းက ပြန်ရပ်တည်လာခဲ့တာပါ။ ဒါပေမယ့် ပြည်သူတွေလည်း ကူကြပါတယ်။ လိုအပ်ချက်တွေ ပြည့်စုံတဲ့အထိ အလှူငွေမရသလို ကိုယ်ပိုင်အလုပ်လုပ်ပြီး အဖွဲ့ကိုထောက်နေတဲ့ အဖွဲ့ဝင်လည်းရှိတယ်။ ဒါပေမယ့် အဆင်မပြေတော့ဘူးဗျ။ အရာရာပေါ့ဗျာ။ ဘတ်ဂျက်လုံလုံလောက်လောက် မရှိတော့ ပစ္စည်းဝယ်ဖို့ခက်၊ ရှိတဲ့ဓားနဲ့ ပစ္စည်းနည်းနည်းနဲ့၊ ပွဲတွေလုပ်လာတာ အောင်ခဲ့တာပါပဲ။ ဒါပေမယ့် အောင်တဲ့နောက်မှာထိခိုက်မှုတွေရှိတယ်။ အဲ့ထိခိုက်မှုတွေကို ပြည့်စုံအောင် ပြန်မထောက်နိုင်တော့ ကျွန်တော်တို့ရဲဘော်တွေကျခဲ့တယ်။ အခုရှေဆက်ဖို့ အဆင်မပြေတော့ဘူးမို့လို့ပါ။” လို့ Yangon People’s Defence Force (Bahan)အဖွဲ့တာဝန်ခံ itzel kate က​ DNA ကိုပြောပါတယ်။
အဖွဲ့အနေနဲ့ ပြည့်စုံမှုမရှိတာကြောင့် ဇွန် ၂၇ ရက်က မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ယာ၊ အနောက်ဘက်အတွင်းပိုင်းရပ်ကွက်နေ ဒလန်လို့နာမည်ထွက်နေတဲ့ မင်းသူဆိုသူကို ရှင်းလင်းသုတ်သင်ရာမှာ မင်းသူရဲ့ နောက်လိုက်နှစ်ယောက်က ခုခံမှုကြောင့် အဖွဲ့ဝင်တစ်ဦး ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှု မပေးနိုင်တာကြောင့် ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အခုလိုအဖွဲ့ရပ်တည်ဖို့ ခက်ခဲမှုတွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တော်တော်များများမှာ ဖြစ်နေတာကြောင့် နောက်ထပ်အဖွဲ့တွေ ရန်ကုန်ကို စွန့်ခွာမသွားဖို့ဟာ ပြည်သူတွေအပေါ်မှာပဲ မူတည်တယ်လို့ Yangon People’s Defence Force (Bahan) အဖွဲ့တာဝန်ခံ itzel kate ကပြောပါတယ်။
“ကျွန်တော်တို့လိုရန်ကုန်ကို စွန့်ခွာမှုတွေလုပ်ဖို့အဖွဲ့တွေလည်း ရှိပါတယ် ။ ကူကြပါလှူကြပါ ကျွန်တော်တို့လိုအပ်တာအသုံးစရိတ်မဟုတ်ပါဘူး။ပစ္စည်းဖိုးပါဘဲ ။အသက်ရင်းတိုက်ခိုက်သွားမှာပါလို့။ကျွန်တော်တို့အဖွဲ့ တကယ်ရပ်တည်သွားနိုင်ဖို့က ပြည်သူအပေါ်မှာပဲ မူတည်ပါတယ်လို့။ကျန်းမာဂရုစိုက်ကြပါလို့ပြောပေးပါဗျ။”လို့ Yangon People’s Defence Force (Bahan)အဖွဲ့တာဝန်ခံ itzel kate ကပြောပါတယ်။
Yangon People’s Defence Force (Bahan) အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေက အကြမ်းဖက်စစ်တပ်ကို သတင်းပေးနေသူတွေကို ရှင်းလင်းသုတ်သင်တာတွေ၊စစ်အုပ်စုထောက်တိုင်နေရာတွေကို ဗုံးဖောက်ခွဲတာတွေကို ပူးပေါင်းအဖွဲ့တွေနဲ့အတူလုပ်ဆောင်ခဲ့တဲ့အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။