တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် အိန္ဒိယလူငယ်အဖွဲ့က မြန်မာ က.ည.န ရုံးကို ဝင်ရောက်မီးရှို့

တမူးမြို့၊ စော်ဘွားရပ်ကွက် အ.ထ.က ကျောင်းအနီးမှာဇွန်လ ၅ ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင်က အိန္ဒိယနိုင်ငံသား တလ်မီလူမျိုးနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
အခုလိုသတ်ဖြတ်ခံရတာဟာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်ပြီး ငွေပေးငွေယူကိစ္စတွေကြောင့် သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
“ဟုတ်တယ်။စော်ဘွား ရပ်ကွက်ထဲက စာသင်ကျောင်းနားမှာ။ နိုင်ငံရေးနဲ့တော့မဆိုင်ဘူးးထင်တယ်။ ငွေပေးငွေယူကိစ္စဖြစ်မယ်။ အဲဒါအဆင်မပြေလို့၊ ငွေမပေးချင်လို့ ပျူစောထီးတွေကိုငွေပေးပြီး သတ်ခိုင်းတာလို့ ထင်တယ်” လို့ တမူးမြို့ခံတစ်ဦးက DNA ကိုပြောပါတယ်။
တမူးမြို့ဟာ အိန္ဒိယ-မြန်မာ နယ်စပ်မှာ ရှိပြီး တဖက်နိုင်ငံရဲ့ မိုရေးမြို့နဲ့ နေ့စဉ်ကုန်သွယ်မှု ရှိနေတဲ့ မြို့ဖြစ်ပါတယ်။ ဟိုအရင်ကတည်းက မူးယစ်ဆေးဝါး နဲ့ ဒုစရိုက်လုပ်ငန်းတွေရှိသလို ၊ ငွေပေးငွေယူကိစ္စတွေနဲ့ ပတ်သက်ပြီး လူသတ်မှုတွေ ရှိခဲ့ဖူးတယ်လို့ ဒေသခံတဦးက မှတ်ချက်ပေးပါတယ်။
“ပရိဘောဂပစ္စည်းတွေဆိုလည်း ကျနော်တို့ဘက်မှာလုပ်ပြီး သူတို့ဆီကိုပို့တယ်။ ဒီလုပ်ငန်းကလည်း ငွေပမာဏမသေးဘူးဗျ။ နောက်တစ်ခုက မူးယစ်ဆေးပေါ့။ ကိုယ့်ဘက်က ငွေယူထားပြီး ပစ္စည်း မပေးတော့တာမျိုး၊ ပစ္စည်းယူထားပြီး ငွေမပေးချင်တော့တာမျိုး မှာ ပိုက်ဆံပေးပြီး သတ်ခိုင်းတာမျိုး အရင်ကလည်းရှိခဲ့တယ်ဗျ။ ကိုယ့်ဘက်ကြီးပဲတော့မဟုတ်ဘူး။ သူတို့ဘက်က ညစ်တာတွေလည်းရှိတယ်။ အဲဒီအခါမှာလည်း မကျေနပ်ချက်နဲ့ သတ်ဖြတ်တာမျိုးလည်းရှိပါတယ်” လို့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံသား နှစ်ဦးပစ်သတ်ခံရပြီးနောက် ဇူလိူင် ၅ ရက်နေ့ညနေမှာပဲ အိန္ဒိယနိုင်ငံ ၊ မိုးရေးက လူငယ်အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံဘက် တမူးမြို့က က.ည.န ရုံးကို ဝင်ရောက်မီးရှို့ခဲ့တဲ့ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို ဖြစ်ပွားမှုတွေကြောင့် တမူးဘက်က စျေးသည်တွေကို အိန္ဒိယနိုင်ငံဘက်က အဝင်မခံပဲ ပြန်လွှတ်တာတွေလုပ်နေတယ်လို့လည်း တမူးဒေသခံတစ်ဦးကပြောပါတယ်။
” ဒီဇာတ်လမ်းက ငွေပေးငွေယူကိစ္စလား မသေချာပေမယ့် ဇတ်ကတော်တော်ရှုပ်ဦးမယ့် သဘောရှိတယ်။ သေတဲ့ထဲကတစ်ယောက်က ဟိုဘက်က လူမှုအဖွဲ့အစည်းတစ်ခုခေါင်းဆောင်ရဲ့သားလို့ကြားတယ်။ မနေ့ကရော၊ ဒီနေ့ရော အိန္ဒိယနိုင်ငံထဲကို စျေးသွားရောင်းကြတဲ့ တမူးဘက်ကစျေးသည်တွေကို အဝင်မခံဘူးပြန်မောင်းထုတ်တယ်။ ပြီးတော့ မနေ့က ညနေက အသတ်ခံရတဲ့ လူငယ်ပါဝင်တဲ့အဖွဲ့က တမူးဘက်က က.ည.န ရုံးကိုလာမီးရှို့သွားတယ်။ ဇာတ်ကရှုပ်ဦးမယ်” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။
ပစ်သတ်ခံရတဲ့သူတွေဟာ မိုးရေး မြို့မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် P. MOHAN နဲ့ အသက် ၃၅ နှစ်အရွယ် M. Iyarnar တို့ဖြစ်တယ်လို့ သိရပါတယ်။တမူးမြို့ က.ည.နရုံး ကိုဝင်ရောက်မီးရှို့သွားတဲ့ အိန္ဒိယနိုင်ငံဘက်က အဖွဲ့အစည်းအမည်ကို မသိရသေးပါဘူး။