လက်ပံတောင်းတောင်စီမံကိန်းနားက ဒေသခံရွာတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာအကြမ်းဖက် စစ်တပ်က ဝင်ရောက်အကြမ်းဖက်တာ တွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၅ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“ရွာတွေမှာမရှိတော့ဘူး။ကျွန်တော်တို့အားလုံးထွက်ပြေးနေရတယ်။ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ။အခုတောင် လိုင်းမိလို့ အဆက်အသွယ်ရတာ”လို့ တုံအလယ်တော ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
ရွာမ ၊ တုံအလယ်တော ၊ တုံရွာသစ် ၊ တောကျောင်း ၊ အလယ်ရွာကျေးရွာစတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ဇွန် ၂၃ရက် မွန်းလွဲ ၂နာရီအချိန်က ရွာမ ၊ တုံအလယ်တော ၊ တုံရွာသစ် ၊ တောကျောင်း ၊ အလယ်ရွာကျေးရွာစတဲ့ကျေးရွာတွေကို အကြမ်းဖက်ဝင်ရောက်ပြီး ပစ်ခတ်တာတွေကြောင့် တောကျောင်းကျေးရွာသား ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအများအပြားကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အဲ့ဒီဒေသခံရွာသားတွေကပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ရွာအတွင်းနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လက်ရှိမှာ ထိခိုက်သေဆုံးမှုနဲ့ အပျက်အစီးစာရင်းကို မရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တုံရွာမကျေးရွာ လောကမာန်အောင်ဘုရားဝန်းထဲမှာ ပြီးခဲ့ရက်ပိုင်းကနေစပြီး တပ်စွဲထားခဲ့တာဖြစ်ပါတယ်။