မတ္တရာမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသားတဦးသေဆုံး

Photo – Myanmar Fire Services Department
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာကနေ စကျင်ကျေးရွာသို့ မောင်းနှင်လာတဲ့ စက်လှေတစ်စီး ဒီနေ့က တိမ်းမှောက်မှုကြောင့် အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနေ့ ဇွန်လ ၂၄ရက် မနက် ၆နာရီခွဲလောက်က စက်လှေမှောက်တာဖြစ်ပြီး လှေပေါ်ပါတဲ့ အမျိုးသား ၅ဦးထဲက ၄ဦးကို အသက်ရှင်လျက်ကယ်ခဲ့ပြီး မနက် ၁၁နာရီခွဲလောက်မှာတော့ ကျန်အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာပါ။
မတ္တရာမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ၊ Madaya Rescue နဲ့ လက်ပံလှ Rescue အသင်းဝင်တွေ ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ရုပ်အလောင်းကိုတော့ Madaya Rescue အသင်းက လူနာတင်ယာဉ်နဲ့ မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။