NUG လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း အပ်နှံ

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း ကျောင်းအပ်နှံခဲ့ကြောင်း သိရပါတယ်။
NUG ပညာရေးစနစ်အတိုင်း KG တန်းကနေ Grade11 အထိ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကို အွန်လိုင်းကနေ သင်ကြားပေးမယ့် Kaung For You ကျောင်းမှာ ဇွန် ၁ ရက်နေ့နဲ့ ၂ ရက်နေ့ မနက် ၈ နာရီကနေ ည ၇ နာရီအထိ ကျောင်းအပ်လက်ခံမယ်လို့ ကြေညာထားတာပါ။
‘ကျောင်းသား တစ်သိန်း ကျော်သွားပါပြီ။ကျောင်းသားတစ်သောင်းကို အတော်စစ်ထုတ်ရမှာပါ။ ကျွန်တော် ရင်မောနေရပါတယ် မိဘတို့ရယ်’ လို့ Kaung For You ကျောင်းရဲ့ ဆရာကောင်းက ပြောပါတယ်။
Kaung For You ကျောင်းမှာ ဆရာ၊ ဆရာမအင်အား တစ်ထောင်နီးပါးသာရှိတဲ့အတွက် ကျောင်းသားတစ်သောင်းသာလက်ခံသင်ကြားပေးနိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။
Kaung For You ကျောင်းမှာ ၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ပြီး စင်ကာပူနိုင်ငံဒေသသင်ရိုး၊ သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊အ လယ်တန်းနဲ့ အထက်တန်းသင်ခန်းစာတွေနဲ့ တွဲဖက် သင်မှာဖြစ်ပြီး Cambridge English ကို မူလတန်း၊အလယ်တန်းနဲ့ အထက်တန်းမှာ တစ်ဘာသာ သီးသန့်ထည့်သင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။