အောင်ဘာလေထီကို မရောင်းဖို့ ထီလုပ်ငန်းရှင်ကြီးတွေကို NUG သတိပေး 

၂၁၊ ဩဂုတ်လ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့ အောင်ဘာလေထီဟာ ဥပဒေတွေအရ ဖျက်သိမ်းပြီးဖြစ်တာကြောင့် တရားမဝင်လောင်းကစားလုပ်ငန်းတစ်ခုသာဖြစ်ပြီး ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း လုပ်ဆောင်ပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဩဂုတ်လ ၂၁ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၅)နဲ့ အတည်ပြုပြဌာန်းထုတ်ပြန်ခဲ့ပြီး၊ ပြင်ဆင်ပြဌာန်းလိုက်တဲ့ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ည) မှာ“ထီဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုသည်။” လို့ အတိအလင်းပြင်ဆင် ပြဌာန်းထားပြီးဖြစ်တာကြောင့် အောင်ဘာလေထီကို ဆက်လက်ရောင်းချလုပ်ဆောင်ခြင်းဟာ လောင်းကစားဥပဒေတွေအရ ညှိစွန်းနေတာပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရောင်းချနေတဲ့ အောင်ဘာလေထီဟာ ဝယ်ယူလိုသူတွေ မရှိတာကြောင့် ဆုကြေးငွေ မက်လုံးတွေ ငွေထုတ်ယူခွင့်မက်လုံးတွေကို စစ်အုပ်စုက အမျိုးမျိုးတိုးမြှင့်ပေးနေပေမဲ့ ပြည်သူက တရားမဝင်လောင်းကစားသဖွယ် အားပေးခြင်းမပြုခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ရောင်းချပေးနေတဲ့ နွေဦးထီမှာတော့ ထီဖွင့်ရောင်းချသည့် အချိန်ပိုင်းအတွင်းမှာပဲ သတ်မှတ်ထီလက်မှတ်စောင်ရေ အပြည့်ရောင်းချနေရပြီး ထီထိုးဖို့ စောင့်ဆိုင်းနေရတဲ့ ပြည်သူတွေ များစွာ ရှိနေပါတယ်။