ခရမ်း၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ်ထမ်းခိုင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ် ထမ်းခိုင်းနေတယ်လို့ သိရပါတယ်။
မေလ၂၂ရက်နေ့ကနေ ဒီနေ့အထိ ကရင်ကန်ဂိတ် ဖြတ်သန်းတဲ့ဆိုင်ကယ်တွေကို ဆိုင်ကယ်လိုင်စင်နဲ့ လူလိုင် စင်ပါ၊မပါ ဂိတ်စောင့်စစ်သားတွေက စစ်ဆေးကာ မပါလာတဲ့ အမျိုးသားတွေကို သဲအိတ်ထမ်းခိုင်းကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
‘ဒီနေ့အထိ လူ၂၀လောက် သဲအိတ်သယ်ခဲ့ရပြီးပြီ။လိုင်စင်မပါတဲ့ မိန်းကလေးတွေကိုတော့ မလုပ်ခိုင်းဘူး’လို့ ခရမ်းချန်နယ်ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လိုင်စင်မပါတဲ့အမျိုးသားတွေဟာ ပေ၃၀ကျော်အကွာအဝေးကို အသွားအပြန်နှစ်ခေါက်ထမ်းရတယ်လို့ ခရမ်း ချန်နယ်ကဖော်ပြပါတယ်။
‘အရင်တုန်းက လိုင်စင်မပါတာနဲ့ ဆိုင်ကယ်သိမ်းတာတွေပါ လုပ်တယ်။အခုကတော့ လူ့ဂုဏ်သိက္ခာညှိုးနွမ်း အောင်လုပ်တာ’လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းနဲ့သုံးခွမြို့တို့မှာ ဆိုင်ကယ်မစီးရအမိန့် ထုတ်ပြန်ထားတယ်ဆိုတဲ့ ကောလာဟလ သတင်းထွက်ပေါ်နေ ပေမဲ့ ဒီနေ့အထိ မဟုတ်ဘူးလို့ သုံးခွမြို့၊အောင်ဇေယျလမ်းနေပြည်သူတစ်ဦးကပြောပါတယ်။
‘သန်လျင်မှာ ဆိုင်ကယ်မစီးရတကယ်လုပ်နေတော့ သုံးခွနဲ့ခရမ်းလည်းလုပ်တော့မှာလိုလို ကောလာဟလ ထွက်နေတာ။ဒီနေ့ထိတော့ ခရမ်းသုံးခွမှာ စီးနေကြတာပဲ။ဒါပေမဲ့ စစ်ခွေးတွေက ကျပ်မပြည့်တော့ မနက်ဖြန် ဆိုင်ကယ်မစီးရဘူးဆိုတာ လည်း ဖြစ်သွားနိုင်တာပဲ’လို့ သူကပြောပါတယ်။