ဧရာဝတီတိုင်းမှာ စက်သုံးဆီ ပြတ်လပ်​မှု​ကြောင့် အကန့်အသတ်နဲ့​ ရောင်းချ​နေ

ဧရာဝတီတိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာနေပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ အကန့်အသတ်နဲ့ သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက စတင်ကာ နိုင်ငံခြားက​နေ တိုက်ရိုက်မှာယူတင်သွင်းပြီးရောင်းချနေတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာပါ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းချနေကြပြီး စျေးနှုန်းတွေမှာ မြို့နယ်အလိုက် လူသုံးအများဆုံးဖြစ်သည့် 92 တစ်လီတာကို ၂၂၅၀ ကျပ်က​နေ ၂၆၀၀ ကျပ်ထိ စျေးနှုန်းပြောင်းလဲနေတယ်လို့ သိရပါတယ်။
“ကျိုက်လတ်မှာဆီစျေးက ပုံမှန်ဆိုပေမယ့် limit နဲ့ ဖြည့်ရတယ် ဥပမာ ၁၅,၀၀၀ ဖိုး ၁၀,၀၀၀ ဖိုးပေါ့၊ ဒါပေမယ့် တဆိုင်နဲ့တဆိုင်မတူဘူးပေါ့နော်ဆိုင်ကယ်အဓိက ထားစီးကြတာဆိုတော့ အလွန်ဆုံး ၁၅,၀၀၀ ထိတော့ရတယ်ပေါ့နော် ဆိုင်သေးလေးတွေမှာ ဖြည့်ကြလဲ အနည်းဆုံး ၅၀၀၀ လောက်ထိဆိုတော့ limit မရှိဘူး ဆိုင်ကြီးတွေမှာတော့ ပုံးနဲ့ဝယ်လိုမရဘူးlimit ရှိတယ် သူတိုဆိုင်ကိုကိုယ်တိုင်သွားဖြည့်မှရမယ် တနေ့နဲ့တနေ့မတူဘူး ဒီနေ့ limit နဲ့ဆိုပေမယ့် နောက်နေ့ limit နဲ့မဟုတ်တော့ဘူးဒီဇယ်တွေလဲ လိုသလောက်ရတယ်ပြောတယ်တနေ့နဲ့တနေ့က မတူဘူးဒီနေ့အတွက်က လိုသလောက်ဖြည့်ပေးနေတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လူသုံးအများဆုံး 92 တစ်လီတာကို မအူပင်မြို့မှာ ၂၂၅၀ ကျပ်၊ ပန်းတနော်မြို့မှာ ၂၂၈၀ ကျပ်၊ ကျောင်းကုန်းမြို့မှာ ၂၇၅၀ ကျပ် စျေးနှုန်းမြင့်တက်နေပြီး ဖျာပုံမြို့က မြို့ပြင်ဆီဆိုင်ကြီး​တေမှာ ၂၃၀၀ ကျပ် ရောင်းချကာ မြို့တွင်းဆီဆိုင်ငယ်တွေမှာ ၂၆၀၀ ကျပ်အထိ စျေးနှုန်းမြှင့်တင်ရောင်းချနေပါတယ်။
ဒါ့အပြင် ပန်းတနော်မြို့မှာ ဆိုင်ကယ်တစ်စီးကို ၁၅ ၀၀၀ ကျပ်ဖိုးအထိသာ ဆီရောင်းချပေးပြီး ၊ ညောင်တုန်းမြို့မှာတော့ မော်တော်ယာဉ်တစ်စီးကို ၅၀,၀၀၀ ကျပ်အထိသာ အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုတွေ ဆက်တိုက်ကြုံတွေ့နေရချိန်မှာ နေအိမ်နဲ့ လုပ်ငန်းသုံးတွေကို ဆီဆိုင်အများအစုက မရောင်းပေး​တော့တာကြောင့် ဆိုင်မန်နေဂျာတွေကနေတဆင့် နားလည်မှုနဲ့ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။
“အရိုးသားဆုံးပြောရရင် ဆီကခွဲတန်းနဲ့ပဲရနေတယ်၊ ခွဲတန်းရတာကိုပါ လိုသလောက်မရောင်းပေးဘဲ စျေးဆွဲတင်ချင်သူကလည်း သက်သက်ရှိနေတယ်၊ ကျွန်တော်တို့လဲ ဖိအားတွေများပါတယ်၊ အကုန်အဆင်ပြေအောင် ရောင်းပေးချင်တာပေါ့၊ ဒီလောက်ပဲ ကျွန်တော်ပြောရဲတယ်”လို့ ဧရာဝတီတိုင်းအတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စိုက်ပျိုးရေးရာသီချိန် ရောက်ရှိလာချိန်မှာ စက်သုံးဆီပြတ်လပ်ပြီး စျေးနှုန်းတွေ မြင့်တက်လာခဲ့တာကြောင့် တောင်သူတွေပါ လယ်ယာမြေထွန်ယက်စိုက်ပျိုးဖို့နဲ့ ရေသွင်းစိုက်ပျိုးရေးတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာလည်း မှောင်ခို စက်သုံးဆီစျေးကွက် ပြန်လည်ဖြစ်ပေါ်နေပြီး မော်တော်ယာဉ်ပိုင်ရှင်အချို့ဟာ ဆီဆိုင်ကြီးတွေမှာ တန်းစီ ဆီဝယ်ယူပြီးနောက် အမြတ်တင် တဆင့်ပြန်လည် ရောင်းချတာတွေပါ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Delta News

Read Previous

မင်းတပ်မြို့ အရှေ့ပြင် ညတိုက်ပွဲ စစ်သား ၂ ဦးသေ

Read Next

ခရမ်း၊ကရင်ကန်ဂိတ်မှာ လိုင်စင်မပါတဲ့ ဆိုင်ကယ်စီးအမျိုးသားတွေကို သဲအိတ်ထမ်းခိုင်း