ခရမ်းမှာ ဆိုင်ကယ်နှစ်ယောက်စီးသူတွေကို အကြမ်းဖက်စစ်တပ်ရိုက်နှက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နဲ့အနီး ကျေးရွာတွေမှာ ဆိုင်ကယ်နှစ်ယောက်စီးတဲ့ သူတွေကို အကြမ်းဖက် စစ်တပ်က ရိုက်နှက်ညှင်းပန်းနေတယ်လို့ သိရပါတယ်။
ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ရရှိထားတဲ့စာရင်းအရ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့အထိ ဆိုင်ကယ်နှစ်ယောက်စီးလို့ ရိုက်နှက်ခံရတဲ့ပြည်သူ ၁၅ ဦးလောက်ရှိနေပြီလို့ သိရပါတယ်။
‘သာမန်ရိုက်တဲ့အဆင့် မဟုတ်ဘူး။ မညှာမတာ ပက်ပက်စက်စက် ခေါ်ရိုက်တာလို့ သိရတယ်။ ခရမ်းမှာက တောက်လျှောက်ကို စစ်ခွေးတွေ အပစ်ခံနေရတော့ ကြောက်ကြောက်လန့်လန့်နဲ့ ပြည်သူကို ဒုက္ခပေးတာ’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ် သတ်မှတ်ထားတဲ့ ဆိုင်ကယ်နှစ်ယောက်မစီးရဆိုတာ ယောကျာ်းလေးနှစ်ယောက်တွဲနဲ့ မိန်းကလေး ဆိုင်ကယ်မောင်းတဲ့နောက် ယောကျာ်းလေးထိုင်မစီးရဖြစ်ကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။
‘ဆိုင်ကယ်အနောက်ကနေ ထိုင်လိုက်လာတဲ့ ယောကျာ်းလေးက သူတို့ကို (အကြမ်းဖက်စစ်သား) လက်ပစ်ဗုံးနဲ့ပစ်တာ၊ သေနတ်နဲ့ပစ်တာမျိုး လုပ်မယ်ဆိုတဲ့ ခပ်တိမ်တိမ်အတွေးနဲ့ လျှောက်လုပ်တယ်။ အခုစစ်ခွေးတွေကို ပစ်နေတာ လောင်ချာနဲ့ ပစ်နေတာပါ’ လို့ သူကပြောပါတယ်။
မတ်လ ၁၈ ရက်နေ့ ညနေပိုင်းမှာ ခရမ်းမြို့မရဲစခန်း၊ မြို့နယ်လျှပ်စစ်ရုံးနဲ့ အကြမ်းဖက်စစ်သားတွေစောင့်တဲ့ သစ်တောဂိတ်တို့ကို ခရမ်း PDF က လောင်ချာနဲ့ ပစ်ခတ်ပြီးနောက် ဆိုင်ကယ်နှစ်ယောက်မစီးရ တားမြစ်ချက် ထွက်ပေါ်ခဲ့တာပါ။
မတ်လ ၁၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ် ကန့်သတ်ထားတဲ့အတိုင်း ဆိုင်ကယ်နှစ်ယောက်စီးရင် ဒဏ်ငွေတစ်သိန်းနဲ့ ထောင်တစ်လချမယ်လို့ သတင်းပျံ့နှံ့ခဲ့ပြီးနောက် လက်တွေ့မှာ ရိုက်နှက်ညှင်းပန်းနေပါတယ်။