ခရမ်းမှာ လိုင်းကြေးပေးဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေများလာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ရဲတို့ကို လိုင်းကြေးပေးဖွင့်နေတဲ့ လောင်း ကစားဝိုင်းတွေ များပြားလာကြောင်း သိရပါတယ်။
ခရမ်းမြို့နယ်၊ ပန်းတောချောင်ရွာအတွင်း ကြက်ဝိုင်းနဲ့ဖဲဝိုင်းကို တနင်္လာနေ့နဲ့ သောကြာနေ့တို့မှာ ရွာခံတစ်ဦးက အပတ်စဉ်ပြု လုပ်နေပြီး လိုင်းကြေးအဖြစ် အကြမ်းဖက်စစ်တပ်ကို တစ်ပတ်မှာ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းအထိပေးရကြောင်း ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ခရမ်းမြို့နယ်၊ အုန်းပင်ရွာနဲ့ ကမာမတ်ရွာတို့မှာလည်း ကြက်ဝိုင်းနဲ့ဖဲဝိုင်းကို အပတ်စဉ်ပြုလုပ်နေပြီး ကမာမတ်ရွာလောင်းကစားဝိုင်းတွေက တစ်ပတ်ကို ကျပ် ၃ သိန်း အကြမ်းဖက်စစ်တပ်ကို လိုင်းကြေးပေး လုပ်ဆောင်နေ ကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။
ခရမ်းမြို့နယ်၊ ဘုရားပျိုရွာနေ ပြည်သူတစ်ဦးက ‘စစ်ခွေးတွေက လိုင်းကြေးလည်းရတယ်၊ လူမွေးပြီးသားလည်း ဖြစ်တယ်။ လောင်းကစားဝိုင်းဖွင့်တဲ့ ကောင်တွေက သူတို့အကျိုးအတွက် စစ်တပ်သတင်းပေးလည်း လုပ်ကြတယ်။ စစ်ခွေးတွေက အဲဒီလိုနည်းနဲ့ သူတို့ရဲ့သတင်းပေး လူမွေးမြူရေး လုပ်ကြတယ်’ လို့ ဆိုပါတယ်။
အုန်းပင်ရွာမှာ လောင်းကစားဝိုင်းတွေ ပိုဆိုးလာသလို အုန်းပင်ရွာအပါအဝင် အနီးဝန်းကျင်ရွာတွေမှာ ပဲအိတ်နဲ့ ဆိုင်ကယ်ပျောက်တာတွေ နေ့စဉ်ဖြစ်ပေါ်နေတယ်လို့ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘ဒီလိုကာလမှာ စစ်ခွေးတွေနဲ့ပေါင်းပြီး လောင်းကစားဝိုင်း မလုပ်သင့်ဘူးဆိုတာ ထမင်းစားတဲ့လူတိုင်း သိကြပါတယ်။လောင်းကစားဒိုင်တွေက မသိတာမဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက် မြို့ကိုဂရုမစိုက်တာပါ’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။