ခရမ်းရွာသား ၁၅ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ရွာနှစ်ရွာက ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားပါတယ်။
ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ခရမ်းမြို့နယ် ကြာထုံးရွာနဲ့ အိုးဝကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အပြန်မှာ ရွာသား ၁၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
‘ဘာ့ကြောင့်ဖမ်းသလဲဆိုတာ ခန့်မှန်းပြောကြတာတော့ရှိတာပေါ့။ ကျွန်တော်တို့အမြင်က ထင်ရာမြင်ရာ လျှောက်ဖမ်းတာပါ။ အဓိကကတော့ သတင်းပေးတွေက ဒုက္ခပေးတာထင်တယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
နောက်ဆုံးရရှိထားတဲ့သတင်းအရ ပြည်သူနှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၁၃ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားခဲ့ကြောင်း ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
ခရမ်းမြို့ပေါ်မှာ လည်း ဒီနေ့မနက် ၁၀ နာရီလောက်က ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က မျက်လုံးစည်းကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခရမ်းမြို့နယ်ထဲမှာ ခရမ်း PDF ရဲ့ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်မှုကို တောက်လျှောက်ဆိုသလို ခါးစည်းခံနေရပါတယ်။
ခရမ်းမြို့ကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ ခရမ်းမြို့ကို အနက်ရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားတဲ့ စစ်သား ၃၀ ကျော် အိမ်စီးကားတွေနဲ့ ရောက်ရှိလာပါတယ်။