ဖမ်းဆီးခံ ခရမ်းပြည်သူ၅ဦးကို ပြန်မလွှတ်သေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၅ ဦးကို ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတို့မှာ ခရမ်းမြို့နယ်၊ကျုံမရေရွာသား၃ဦး၊ဒေးပေါက်ရွာသားတစ်ဦးနဲ့ရွှေဘိုစုရွာသားတစ်ဦးတို့ဖြစ်ပြီး မတ်လ၁၀ရက် ညမှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာခရမ်းချန်နယ်က ဖော်ပြပါတယ်။
မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က ခရမ်းမြို့ နယ်၊ကျုံမရေကျေးရွာထဲ အကြမ်းဖက်စစ်တပ်က ဧည့်စာရင်းလိုက်စစ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ရွာခံ ၃ ဦးကို ဧည့်စာရင်းမတိုင်ထားဘူးလို့ဆိုကာ ဖမ်းဆီးသွားခဲ့ပါတယ်။ထို့အတူဒေးပေါက်ကျေးရွာမှာလည်း မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ရွာခံတစ်ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၁၀ ရက်နေ့ ည ၁၂ နာရီလောက်ကရွှေဘိုစုရွာသားတစ်ဦးကို လည်းအကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ‘ဖမ်းတယ်ဆိုတာထက်ပြန်ပေးဆွဲတယ်လို့ပြောမှမှန်ပါမယ်။ဘာလို့လဲဆိုတော့ စစ်ခွေးတွေက ငွေလိုချင်လို့ ဖမ်းတာကြောင့်ပါ။ဖမ်းပြီးရင် ငွေဘယ်လောက်ပေးမှ ပြန်လွှတ်မယ်ဆိုပြီးလုပ်တယ်။စစ်ခွေးအရာရှိတွေက အဲဒီနည်းနဲ့ စီးပွားရှာနေကြတာ’လို့ ဆိုပါတယ်။
ဖမ်းဆီးခံပြည်သူ၅ဦးစလုံး ဒီနေ့ညနေပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ ခရမ်းမြို့ပေါ်နေ တက်ကြွလူငယ်တစ် ဦးက ဒီနေ့ညနေ ၄နာရီမိနစ်၅၀မှ ပြောပါတယ်။