ခရမ်းမြို့ပေါ်က ဒလန်လို့ နာမည်ကြီးနေသူ တစ်ဦးကို ရှင်းလင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ၁၀ ရပ်ကွက်နေ အကြမ်းဖက်စစ်တပ် သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး ပစ်ခတ်ခံရပြီး ရန်ကုန်စစ်ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။
ဒလန်လို့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားနေသူ မြင့်စိုးကို ဒီနေ့မနက် ၅ နာရီခွဲလောက်က ၁၁ ရပ်ကွက် ကုန်းဆင်းနားမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။
‘မြင့်စိုးက ကျွန်တော်တို့မြို့ရဲ့ နာမည်ကြီးဒလန်ထဲက တစ်ယောက်ပါ။ အခုတော့ ဒလန်တို့သွားရာလမ်းအတိုင်း ပို့ဆောင်လိုက်ကြပြီ။’ လို့ ခရမ်းမြို့တွင်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
မြင့်စိုးဟာ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်စစ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ကုသခဲ့ရာ ဒီနေ့မနက် ၁၁ နာရီလောက်က ဆေးရုံပေါ် သေဆုံးသွားခဲ့တယ်လို့ ခရမ်းချန်နယ်က ထုတ်ပြန်ပါတယ်။
မြင့်စိုးဟာ ခရမ်းမြို့၊ ဒေးပေါက်ဂိတ်က အကြမ်းဖက်စစ်သားတွေအတွက် နေ့စဉ်စျေး၀ယ်ပေးနေသူဖြစ်ပြီး သူ့ရဲ့ သတင်းပေးမှုကြောင့် ခရမ်းလူငယ်တချို့ အဖမ်းခံရဖူးတယ်လို့ သိရပါတယ်။